ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရန် စေ့စပ်ဆွေးနွေးရေး လိုအပ်ကြောင်း အမေရိကန်ပြောကြား
2011.01.26

အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာနဲ့ ဇန်နဝါရီ ၂၅ ရက် မနေ့က တွေ့ဆုံမေးမြန်းရာမှာ Mr. Yun က အခုလို ပြောလိုက်တာ ဖြစ်ပြီး အာဆီယံအဖွဲ့က ကိုရီးယားနဲ့ မြန်မာနိုင်ငံအရေးအပေါ် တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်လာတာကိုလည်း အလေးအနက်ထား ပြောခဲ့တယ်လို့ ဒီကနေ့ထုတ် Jakarta Post သတင်းစာက ရေးပါတယ်။
အင်ဒိုနီးရှားနိုင်ငံ လုမ်ဘုတ်ကျွန်းမှာ ပြီးခဲ့တဲ့အပတ်က ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက တသံတည်း တောင်းဆိုခဲ့ကြကြောင်း၊ ဒီတောင်းဆိုချက်တွေဟာ အလွန်ကောင်းမွန်ပြီး မြန်မာအာဏာပိုင်တွေအနေနဲ့ အလေးအနက် ထားပြီး လက်တွေ့ ဆောင်ရွက်ပေးဖို့ လိုကြောင်းလည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun က ပြောပါတယ်။
မြန်မာအစိုးရဖက်က အပြုသဘော တုံ့ပြန်လာရင် နိုင်ငံတကာက အပြုသဘော ဆောင်ရွက်တာ တွေမြင်ရမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကောင်းမွန်တိုးတက် လာတာနဲ့ အမျှ နိုင်ငံတကာ အသိုင်းအဝိုင်းက တုံ့ပြန်ဆောင်ရွက်မှုမျိုး ရှိရမှာဖြစ်ကြောင်းလည်း Joseph Yun က သတင်းစာကြီးကို ဖြေကြားခဲ့ပါတယ်။
Joseph Yun ဟာ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံ ခရီးစဉ်ကို လာရောက်ခဲ့သူ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD အပါအဝင် အတိုက်အခံ နိုင်ငံရေးပါတီတွေ၊ မြန်မာစစ်အစိုးရ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Nataliegawa ကတော့ မြန်မာနိုင်ငံမှာ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးလုပ်ငန်းဟာ အပြန်အလှန် ဆောင်ရွက်သင့်တယ်လို့ အာဆီယံ အစည်းအဝေးအပြီး ပြောကြားခဲ့ပါတယ်။