အမာမြို့မှာ စစ်မှုထမ်းဖို့ လူငယ် လေးဆယ်ထက်မနည်း ခေါ်ယူခံရ
2024.05.17
ဧရာ၀တီတိုင်း ဖျာပုံမြို့နယ် အမာမြို့နယ်ခွဲကနေ စစ်မှုထမ်းအပတ်စဉ် (၂) အတွက် လူငယ် လေးဆယ်ထက် မနည်း အခု မေလအတွင်းမှာ စုဆောင်းခံရတယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
အမာမြို့ပေါ် ရပ်ကွက်လေးခုနဲ့ ဂေါ်ဒူ၊ ထောင်ကြီးတန်း၊ သမိန်ပုလဲ၊ အရှေ့ဖျား၊ ဦးပေ၊ စစ်ကုန်း အစရှိတဲ့ ရွာပေါင်း သုံးဆယ်ကျော်ကနေ ခေါ်ယူခဲ့တာလို့ ဆိုပါတယ်။
စစ်မှုထမ်း အပတ်စဉ် (၁) မှာ ခေါ်ယူသလိုမျိုး မဲနှိုက်ရွေးချယ်တာမဟုတ်ဘဲ နာမည်စာရင်းနဲ့တကွ နေအိမ်တွေထိ လိုက်လံခေါ်ဆောင်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒုတိယအသုတ်မှာ အယောက် လေးဆယ်ခေါ်တာ။ အဲဒီအယောက် လေးဆယ်ကို မဲစနစ်နဲ့ ရွေးချယ်ခြင်းမရှိဘူး ။ အထက်က လာတယ်ဆိုပြီးတော့ နာမည်နဲ့ အိမ်တွေကို ဝင်ခေါ်သွားတာ။ အထက်က ညွှန်ကြားတယ်။ ဒီလူ၊ ဒီလူ လိုက်ရမယ်ဆိုပြီး ခေါ်တယ်။ မဲစနစ် မရှိတော့ဘူး”
စစ်မှုထမ်းဖို့ခေါ်ဆောင်သွားခံရတဲ့ အရှေ့ဖျားရွာက လူငယ်တစ်ဦးကတော့ ကျန်းမာရေးမကောင်းတာကြောင့် အမာမြို့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သူက ဆိုပါတယ်။
ခေါ်ဆောင်ခံရသူတွေကို ဖျာပုံမြို့ အမှတ် ၉၈ ခြေလျင်တပ်ရင်း (ခလရ ၉၈) မှာ စုဆောင်းထားပြီး သက်ဆိုင်ရာ စစ်သင်တန်းကျောင်းရှိရာနေရာတွေကို ဒီရက်ပိုင်းမှာ စေလွှတ်လိုက်ပြီလို့လည်း မိသားစုဝင်တချို့က ပြောပါတယ်။
ခေါ်ဆောင်ခံရသူအများစုဟာ အခြေခံလူတန်းစားတွေဖြစ်ပြီး စစ်သားစုဆောင်းခံရမှုကြောင့် ကျန်ခဲ့တဲ့ မိသားစုတွေမှာ ဝင်ငွေရှာနိုင်တဲ့လူငယ်တွေ လျော့နည်းသွားပြီး အကျပ်အတည်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း အမာမြို့နယ်ခွဲကနေ မဲနှိုက်ရွေးချယ်ခံရသူ လူငယ် လေးဆယ်ဝန်းကျင်ကို စစ်မှုမထမ်း အမှတ်စဉ် (၁) သင်တန်းအတွက် ခေါ်ယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။