ကျောင်းပြင်ပ ပညာရေး ကျပ် သန်းတစ်ထောင် သုံးမယ်
2016.07.06

ပညာရေးဝန်ကြီးဌာနက ကျောင်းပြင်ပ ပညာရေးအစီအစဉ်အတွက် ငွေကျပ်သန်းပေါင်း တစ်ထောင်သုံးစွဲပြီး လက်ရှိပညာသင်နှစ်မှာ ဒလမြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ လွိုင်ကော်မြို့နယ်နဲ့ စစ်တွေမြို့နယ်တို့မှာ စတင်အကောင် အထည်ဖော်သွားမယ်လို့ ကျောင်းပြင်ပပညာရေး ဗဟိုညှိနှိုင်းရေးမှူး ဦးအေးကြိုင် က ပြောပါတယ်။
နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ကျောင်းပြင်ပ ပညာသင်ကြားနိုင်ရေး အစီအစဉ်အကြောင်း ရှင်းလင်းပွဲမှာ ကျောင်းပြင်ပ ပညာရေးဗဟိုညှိနှိုင်းရေးမှူး ဦးအေးကြိုင် က ပြောတာဖြစ်ပါတယ်။
"မူလတန်းစတုန်းက ငါးမြို့နယ်စတာ၊ အခုအလယ်တန်းကျတော့ လေးမြို့နယ်နဲ့စမှာ၊ ဒီသင်တဲ့ သင်ခန်းစာမှာ လည်း ကျောင်းစာတင်မကဘူး၊ အလယ်တန်းမှာ အသက်မွေးဝမ်းကျောင်းပညာတွေပါပါမယ်၊ ဒလမြို့နယ်ကို စတင်ပြီးတော့ အစပျိုးစမ်းသပ်မှာပါ၊ ကချင်ပြည်နယ်မှာ မြစ်ကြီးနားကို စမ်းသပ်မှာပါ၊ ကယားပြည်နယ်မှာ လွိုင်ကော်ပါ၊ ရခိုင်ပြည်နယ်မှာ စစ်တွေပါ၊ "
ကျောင်းပြင်ပ ပညာရေးအစီအစဉ်ဟာ အိုးအိမ်အတည်တကျမရှိသူတွေ၊ တိုင်းရင်းသားကလေးတွေ၊ ပဋိပက္ခဖြစ်ပွား ရာဒေသတွေက ကလေးတွေအတွက် သင့်တော်တဲ့အစီအစဉ်ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူး ဒေါက်တာခိုင်မြဲက ရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျောင်းပြင်ပ ပညာရေးကို ၂၀၀၈ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး ကျောင်းသား ကျောင်း သူ ငါးသောင်းလေးထောင်ကျော် သင်ကြားပေးခဲ့ပြီး မကြာမီမှာ ကျောင်းပြင်ပ ပညာရေးကို ဦးစီးဌာနတစ်ခုအနေနဲ့ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
အဲ့ဒီအစီအစဉ်ကို မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနအနေနဲ့ ပညာရေးဝန်ကြီးဌာန၊ UNICEF နဲ့ အလှူရှင်နိုင်ငံတွေရဲ့ ပူးပေါင်းကူညီမှုနဲ့ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၆ နှစ်အရွယ် ကလေး ၂ ဒသမ ၇ သန်းခန့်ဟာ ကျောင်းမတက်နိုင်တဲ့သူတွေ နဲ့ ကျောင်းထွက်စောတဲ့ကလေးတွေဖြစ်ပြီး အသက် ၅ နှစ်ကနေ ၁၆ နှစ်အရွယ် ကလေးငယ် ၁ ဒသမ ၃ သန်းဟာ လုပ်ငန်းခွင်ဝင်ရောက်နေကြပါတယ်။
ဒါ့အပြင် အသက် ၁၅ နှစ်နဲ့ အထက် သက်ကြီးစာမတတ်သူ ၃ ဒသမ ၅ သန်းခန့်ရှိနေပါတယ်။
ကျောင်းပြင်ပပညာရေးအစီအစဉ် ရှင်းလင်းပွဲကို ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိန်းကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်၊ ပညာရေးဝန်ကြီးဌာနနဲ့ ကျောင်းပြင်ပ ပညာရေးလုပ်ဆောင်နေတဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေ တက်ရောက်ခဲ့ပါတယ်။