ရခိုင်ပြည်နယ်တိုက်ပွဲတွေအရေး တေ့ွဆုံဆွေးနွေးဖို့ ALP တောင်းဆို


2019.04.30
sawmyayarzarlin-622.jpg ALP ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် စောမြရာဇာလင်း ကို စစ်တွေမြို့မှာ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးနိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ထံ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က စာရေးသား တောင်းဆိုထားပါတယ်။

ALP အနေနဲ့ ရခိုင်ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒေသတွင်းမတည်ငြိမ်မှာ၊ ပြည်သူတွေ အထိတ် တလန့်ဖြစ်ပွားနေတာတွေနဲ့ မိုးတွင်းကာလမှာ စစ်ဘေးရှောင်ပြည်သူတွေ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေအတွက် စိုးရိမ်ချက်တွေရှိနေပြီး ဒါတွေကို အစိုးရနဲ့ ထိပ်တိုက်ဆွေးနွေးလိုတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က စာရေးသားကမ်းလှမ်းထားပေမယ့် အချိန် ၂ ပတ်ကျော်ကြာလာတဲ့အထိ တစ်စုံတစ်ရာအကြောင်းပြန်တာမရှိဘူးလို့ ALP ပါတီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက RFA ကို ဒီနေ့ပြောပါတယ်။

“တပ်မတော်ဘက်ကဆိုရင် JMC လမ်းကြောင်းက ပို့ပေးပါဆိုလို့လည်း ကျမတို့ JMC ဥက္ကဋ္ဌကတဆင့် စာပို့ပေးထားတာရှိပါတယ်။ အထူးသဖြင့်ကျမတို့စိုးရိမ်တာက ရခိုင်ပြည်နယ်မှာဆိုရင် အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်တဲ့အဖွဲ့မရှိဘူး။ အဲလိုအနေအထားမှာ စစ်ဘေးစစ်ဒဏ်တွေကို ပိုပြီးတော့မှ ခံစားရမယ့် အနေအထားတွေကို စိုးရိမ်တဲ့အတွက် ဒီစာတွေကို ပို့ခြင်းဖြစ်ပါတယ်။”

ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေနဲ့ အပစ်ရပ်ထားတဲ့အဖွဲ့ဖြစ်တာကြောင့် တရားမဝင်အသင်း ဆက်သွယ်မှု ဥပဒေအရ ချိုးဖောက်ရာ ရောက်နိုင်တဲ့ ရခိုင်တပ်မတော် AA နဲ့ တွေ့ဆုံဖို့ကိုတော့ ကမ်းလှမ်းထားတာမရှိသေးဘူးလို့ သိရပါတယ်။

ALP ဟာ နိုင်ငံရေးအင်အားစုအဖြစ် အသိအမှတ်ပြုမှုလိုလားတဲ့အတွက် အခုလို တွေ့ဆုံခွင့်တောင်းနေပေမယ့် အစိုးရတပ်မတော်ဘက်က လက်ခံနိုင်ဖို့ ခက်ခဲနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

“ရခိုင်ပြည်ရဲ့ ပြဿနာက အခုတွေ့ဆုံဆွေးနွေးပြီးတော့ ပြေလည်နိုင်တဲ့အနေအထား မရှိသေးဘူးခင်ဗျ။ UPDJC တို့ဘာတို့ မှာ ဒေါ်စောမြရာဇာလင်းတို့ ပါဝင်ပြီးတော့ ဆွေးနွေးနေတာပဲ။ အဲဒီလုပ်ငန်းကိုက ဘာမှကို မလုပ်နိုင် ဘူး။ သူတို့က နိုင်ငံရေးအင်အားစုအနေနဲ့ သူတို့ကို အသိမှတ်ပြုစေချင်တာပေါ့ဗျာ။ အခုဟာက နိုင်ငံရေးအရ ဖြေရှင်းနေရတဲ့ ပြဿနာမဟုတ်ဘူး ခင်ဗျ။ စစ်ရေးအရ ဖြေရှင်းနေရတဲ့ ပြဿနာ။ အဲဒီကိစ္စမှာတော့ သူတို့ မကျေနပ်လည်း ဘာမှမတတ်နိုင်ဘူးလို့ထင်တယ်။ တပ်မတော်အနေနဲ့ကတော့ စစ်ရေးလှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်အောင် ကြိုးစားနေတာပဲ။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလက စတင်ပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် အခုဆို တိုက်ပွဲကာလ ၄ လ ကျော်ကြာမြင့်နေပါပြီ။

ဒီကာလအတွင်းမှာ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုဝင် နိုင်ငံသားတွေသေဆုံးဒဏ်ရာရတာ ၅၀ ကျော်ရှိနေပြီဖြစ်သလို ပျောက်ဆုံးနေသူတွေလည်းရှိနေတယ်လို့ ALP ပါတီကပြောပါတယ်။

တဖက်ကလည်း အစိုးရတပ်မတော်နဲ့ AA တို့ အပစ်ရပ်ဖို့အတွက် ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံနေတာထက် တိုက်ပွဲဖြစ်နေတဲ့အဖွဲ့အစည်းတွေက ဆုံးဖြတ်ချက်ချနိုင်မယ့်သူတွေ ထပ်တိုက်တွေ့ဆုံကြတာက စားပွဲဝိုင်းမှာတင် အပစ်ရပ်နိုင်တဲ့အခြေအနေကို ရနိုင်တယ်လို့ ထောက်ပြကြတာတွေရှိပါတယ်။

တိုက်ပွဲတွေရပ်စဲရေးအပါအဝင် ပြန်လည်ထူထောင်ရေးကိစ္စတွေအတွက် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေတဲ့အခြေအနေအပေါ် ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများမိတ်ဖက်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ခိုင်ကောင်းစံ က အခုလိုပြောပါတယ်။

“AAရယ်၊ တပ်မတော်ရယ်၊ NRPC ရယ်တွေ့ဖို့လိုနေတာ။ တကယ်လို့ ဒီတွေ့ဆုံမှုဟာ တိုးတက်မလာဘူးဆိုရင် နိုင်ငံတကာတွေ၊ ပြည်တွင်းက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့သူတွေ တွေ့ဖို့လိုအပ်တယ်။ NRPC နဲ့က ခဏခဏတွေ့နေတာပဲ။ ပြောင်းလဲမှုနည်းနည်းလေးမှ မတွေ့ဘူးဆိုရင် အရမ်းအလှမ်းဝေးတော့။ နှစ်ဖက်လုံးမှာ ဆုတ်ကိုင်ထားတဲ့အရာတွေမှာပဲ ပြောနေကြရင် အဆင်ပြေမှာမဟုတ်ဘူး။”

ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများ မိတ်ဖက်အဖွဲ့ကို ရခိုင်ပြည်နယ်အတွင်းက အရပ်ဖက်အဖွဲ့ ၂၇၀ ကျော်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အရပ်ဖက်အဖွဲ့တွေရဲ့ ပြောဆိုချက်အရ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ အပစ်ရပ် လက်မှတ်ထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုဝေးပြီး အစည်းအဝေးတွေ ကျင်းပနိုင်ဖို့ဆိုရာမှာလည်း ပြည်နယ်အစိုးရရဲ့ ကန့်သတ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကူညီရာမှာ ပြည်နယ်အစိုးရက ခွင့်မပြုတာတွေရှိနေတယ်လို့လည်း ANP က တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလိုတားမြစ်တာတွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရကို ဝေဖန်ကြတဲ့အပေါ် ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးဝင်းမြင့် က ဧပြီ ၂၃ရက်နေ့က RFA နဲ့ သီးသန့်တေ့ွဆုံရာမှာ အခုလိုပြောပါတယ်။

“ကျနော်တို့ ပံ့ပိုးပေးသလို တခြားပံ့ပိုးပေးမယ့်သူတွေအနေနဲ့လည်း အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပံ့ပိုးမယ်ဆိုရင် ကျနော်တို့ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ဟိုလူဝင်ပေး၊ ဒီလူဝင်ပေးဆိုရင် မလိုလားအပ်တဲ့ပြဿနာ မဖြစ်ပေါ်ဖို့အတွက် စနစ်တကျလေး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပိုပြီးအကျိုးရှိမယ်လို့ ထင်တဲ့ အတွက်ကြောင့်ပါ။”

အစိုးရတပ်မတော်နဲ့ AA က တာဝန်ရှိသူတွေ ထိပ်တိုက်မတွေ့ဆုံနိုင်ကြတဲ့အပေါ် ANP ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် မြင်တာက

“တပ်မတော်ဘက်ကလည်း မိမိတို့ကိုင်စွဲထားတာကို အလျော့မပေးဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း မိမိတို့လိုချင်တဲ့အနေအထားကနေ နည်းနည်းမှ အလျော့ပေးမဆွေးနွေးဘူး။ ထိပ်တိုင်ရင်ဆိုင်မှုတွေ ပိုပြီးဖြစ်နေတယ်။ အမှန်ကတော့ ပြည်သူလူထုကို ကိုယ်စားပြုနေတဲ့ ရခိုင်အမျိုးသားပါတီနဲ့လည်း တပ်မတော်တို့ အစိုးရတို့က ဆွေးနွေးသင့်ပါတယ်။ ဒါပေမဲ့ ဒီနေ့အထိ ကမ်းလှမ်းမှုမရှိသေးဘူး။”

လက်ရှိမှာ အစိုးရတပ်မတော်နဲ့ AA တို့ကြားတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက မြောက်ဦး၊ ရသေ့တောင်၊ ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း အစရှိတဲ့မြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည် ၃၅၀၀၀ ကျော်ရှိနေတယ်လို့ အရပ်ဖက်အဖွဲ့တွေရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင်နဲ့ မဝေမာထွန်းတို့ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။