နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် တင်းကျပ်နေ
2020.04.20
အစိုးရဝန်ထမ်းတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိထားတဲ့ အရပ်ဒေသအသီးသီးကနေ နေပြည်တော်ကို လာရောက်မယ့်သူတွေကို ဒီနေ့ ဧပြီလ ၂၀ ရက်နေ့က ပြီး သတ်မှတ်ထားတဲ့နေရာတွေမှာ၂၁ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်ပနိုင်ငံနဲ့ နယ်စပ်ဒေသက ပြန်လာတဲ့သူတွေ နေပြည်တော်ကို ဝင်လာမယ်ဆိုရင်လည်း Quarantine ဝင်ရမှာဖြစ်တယ်လို့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က ပြောပါတယ်။
"ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်များက လာရောက်တဲ့သူများသည် ကွာရန်တင်း ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကိုဗစ်-နိုင်တီးန် ပိုးတွေ့ရှိတဲ့ မြို့နယ်တွေက လာရောက်တဲ့ ပြည်သူတွေများလည်း ဝင်ရောက်ရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ကျန်းမာရေးဝန်ကြီးဌာန ကနေ ထုတ်ပြန်ထားတဲ့ ပြည်ပနိုင်ငံနဲ့ နယ်စပ်မြို့တွေက ဝင်ရောက်လာတဲ့သူတွေကိုလည်း ကွာရန်တင်း ဝင်ရောက်ရမှာပါ ကျနော်တို့ သတ်မှတ်ချက်ထဲမှာမပါတဲ့ မြို့နယ်တွေဖြစ်တဲ့ ပိုးမတွေ့တဲ့ မြို့နယ်တွေက ဆိုရင်တော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီးရင် လိုအပ်တဲ့သွားမယ့်နေရာပါတဲ့ လူဦးရေ တည်းမယ့်နေရာ ဒါတွေကို စာရင်းအချက်အလက် ကောက်ယူဆောင်ရွက်ပါတယ်"
နေပြည်တော်အဝင် စစ်ဆေးရေးဂိတ်တွေကနေ ဖြတ်သန်းခြင်းမရှိဘဲနဲ့ နေပြည်တော်ကောင်စီအပိုင်ထဲက ကျေးရွာတွေကို ရောက်ရှိသွားတဲ့ ပြည်သူတွေကိုတော့ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ စိစစ်ပြီးတော့ ပြင်ပဝင်ရောက်လာတဲ့သူတွေအတွက် သတ်မှတ်ထားတဲ့ ကွာရန်တင်းဝင်ရမယ့် အစီအစဉ်အတိုင်း ဆောင်ရွက်မယ်လို့ဆိုပါတယ်။
ခရီးသွား ရာဇဝင်ကို လိမ်ပြောတာ၊ နေရပ်ကို လိမ်လည်ပြောဆိုတာတွေနဲ့ ကျန်းမာရေးဝန်ထမ်းက ကျန်းမာရေး အရ စိစစ်မေးမြန်းတာတွေကို လိမ်လည်ပြောဆိုမယ်ဆိုရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ဦးသန်းဇော်ဟန်က ပြောပါတယ်။
နေပြည်တော် အဝင်ဂိတ်တွေမှာ နေပြည်တော်ကို ဝင်လာတဲ့သူတွေအားလုံးကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ တပ်မတော် စတဲ့ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံပါတဲ့ ပူးပေါင်းအဖွဲ့က ကျန်းမာရေးစစ်ဆေးတာတွေ၊ နေရပ်လိပ်စာ အချက်အလက် ကောက်ယူတာတွေကို ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့ကတည်းက ဆောင်ရွက်နေတာပါ။ အသွားအလာ ကန့်သတ်စောင့်ကြည့်မယ့်အစီအစဉ်ကိုတော့ ဒီနေ့မှစတင်တာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို လက်မခံတဲ့သူတွေကိုတော့ နေပြည်တော်ကောင်စီထဲ ဝင်ခွင့်မပြုဘဲ နေပြည်တော်ဂိတ်အဝင်ကနေ ပြန်လွှတ်တာတွေကိုလည်း တွေ့ရပါတယ်။
နေပြည်တော်အဝင် စီလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ ဒက္ခိဏသီရိမြို့နယ် ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးမျိုးသွင်က ဒီနေ့ နေပြည်တော်ဝင်လာသူတွေကို ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးနေရတဲ့ အခြေအနေကို ရှင်းပြပါတယ်။
"ကျနော်တို့ ကျန်းမာရေးဌာနအနေနဲ့ကတော့ ဝင်လာသမျှ ဒီနေ့ ခရီးသွားအားလုံးကို အပူချိန်တိုင်းပါတယ်၊ အဲလိုတိုင်းပြီးတော့ ဝန်ထမ်းအားလုံးနဲ့ လာတဲ့သူတွေကို အထက်အဆင့်က ညွှန်ကြားထားတဲ့ သက်ဆိုင်ရာ ကွာရန်တင်းဌာနတွေကို ပို့ဆောင်ဖို့ ဆောင်ရွက်နေပါတယ် ဒီနေ့ဆိုရင် ဝန်ထမ်းများအတွက် စည်ပင် ဧည့်ရိပ်သာ ကို ကွာရန်တင်း လုပ်ဖို့အတွက် တာဝန်ရှိသူတွေက စတင်ပို့ဆောင်နေပါပြီ၊ ဝန်ထမ်းဆိုရင် စည်ပင် ဧည့်ရိပ်သာပို့ပြီးတော့ အရပ်သားဆိုရင်တော့ မြို့နယ်အလိုက် သတ်မှတ်ထားတဲ့ ကွာရန်တင်းဌာနတွေကို ပို့ပါတယ်။ ကျနော်တို့က သူတို့ကို ရှင်းပြပါတယ် ဒီမှာ ကွာရန်တင်းဝင်ရမယ် မဝင်ချင်ဘူးဆိုရင် မိမိဆန္ဒအရ ပြန်လှည့်သွားတဲ့သူတွေ တချို့လည်း တွေ့ရပါတယ်"
နေပြည်တော်ဝင်လာသူတွေကို ကိုယ်အပူချိန်တိုင်းပြီး ကိုယ်အပူချိန် တစ်ရာကျော်နေပါက သက်ဆိုင်ရာ မြို့နယ်ဆေးရုံတွေကို ပို့ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။
၂၁ ရက် Quarantine ဝင်မယ့်သူတွေကို အစိုးရဝန်ထမ်းဆိုရင် စည်ပင်ရိပ်သာမှာထားပြီး သာမန်ပြည်သူတွေ ဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ်အလိုက်မှာ နေစရာတွေ စီစဉ်ပေးထားကာ စားသောက်ရေးနဲ့ အိပ်ယာကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အစားအသောက်က ကိုယ်အစီအစဉ်နဲ့ကိုယ် ဆောင်ရွက်ရမယ်ဆိုရင် အခက်အခဲရှိနိုင်တယ်လို့ Quarantine ဝင်မယ့် အစိုးရဝန်ထမ်းတစ်ဦးက ပြောပါတယ်။
"မစီစဉ်ပေးဘူးဆိုရင်တော့ အဆင်မပြေဘူးပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ထမင်းဝယ်ထွက်ဆိုရင်လည်း ကွာရန်တင်းထားတာနဲ့ ဘာမှ မထူးခြားတော့ဘူး။ သူတို့ဘက်က ထမင်းတွေဟင်းတွေ လိုအပ်တာလုပ်ပေး၊ ကျနော်တို့က ကျသင့်ကြေးကို ပေးဆိုရင် ကျနော်တို့ ကျသင့်ကြေးကို ပေးဆောင်ပါ့မယ်။ ကျနော်တို့အတွက် စားသောက်စရာလေးတွေ စီစဉ်ပေးမယ်ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ ကိုယ်တိုင်သွားဝယ်ရတာထက် စာရင်ပေါ့"
ဒီနေ့ ညနေပိုင်းထိ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် စီလမ်းဆုံအဝင်ကနေ နေပြည်တော်ကို ဝင်လာတဲ့ အစိုးရ ဝန်ထမ်းအရေအတွက်က ၂၄ဦးရှိပြီး အသွားအလာ ကန့်သတ်ထားရှိမယ့် စည်ပင်ရိပ်သာမှာတော့ အရင်ရက်တွေ ကတည်းက နေပြည်တော်ကို ပြန်ရောက်ပြီး Quarantine ဝင်နေတဲ့ အစိုးရဝန်ထမ်း အရေအတွက်က တစ်ရာကျော် ရှိနေပြီလို့ သိရပါတယ်။