မုန်တိုင်းငယ် သတိပေးချက် မိုးဇလထုတ်ပြန်


2019.08.07
hpaan-flooding-622.jpg ဘားအံမြို့က ရပ်ကွက်တချို့မှာ ရေကြီးနေတာကို ၂၀၁၉ သြဂုတ် ၈ ရက်နေ့ကတွေ့ရစဉ်
ဓါတ်ပုံ - ကျော်လွင်ဦး/ RFA

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ နေပြည်တော်၊ ရခိုင်၊ ကရင်နဲ့ မွန် ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာတာနဲ့ လေပြင်းတိုက်ခိုက် တာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အားကောင်းတဲ့မုန်တိုင်းငယ်ဟာ ဒီနေ့ညပိုင်းမှာ အိန္ဒိယနိုင်ငံကို ဖြတ်ကျော်ပြီး ဒီမုန်တိုင်းအရှိန်ကြောင့် မုတ်သုန်လေအားကောင်းနေသလို မြန်မာပြည်တွင်းက စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်နဲ့ ဘီးလင်းမြစ်တွေ စိုးရိမ်ရေမှတ်ကျော်နေပါတယ်။

ပဲခူးမြစ်ကလည်း စိုးရိမ်ရေမှတ်ရောက်ဖို့ နှစ်ပေခွဲခန့်သာလိုပြီး မိုးဆက်လက်များမယ်ဆိုရင် စိုးရိမ်ရေမှတ်ကို ရောက်လာမှာဖြစ်ပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။

လက်ရှိမှာဆိုရင် ကရင် နဲ့ မွန်ပြည်နယ်တွေနဲ့ ပဲခူး၊ ရန်ကုန်တိုင်းတွေမှာ မိုးအဆက်မပြတ်ရွာနေတဲ့အတွက် ရေကြီးတာတွေ၊ ရေနစ်မြုပ်တာတွေ ဖြစ်နေပါတယ်။

ကရင်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာနေပြီး သံလွင်မြစ်ရေတက်လာတာကြောင့် ဘားအံ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ လှိုင်းဘွဲ့ အစရှိတဲ့မြို့နယ်တွေမှာ ရေကြီးနစ်မြုပ်နေပြီး လူ ရှစ်ထောင်ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းထားရပါတယ်။

ရေဘေးသင့်သူ အများစုက ဘားအံမြို့ကဖြစ်ပြီး လူဦးရေ ၆၀၀၀ ကျော်ရှိနေပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ၁၀၀၀ ကျော်နဲ့ မြဝတီမြို့မှာ ၅၀၀ကျော် ရှိပါတယ်။

ပြည်နယ်မြို့တော်ဖြစ်တဲ့ ဘားအံမြို့နယ်အတွင်းမှာပဲ ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ ခု ဖွင့်လှစ်ထားရပါတယ်။

ဘားအံမြို့အမှတ် (၂)ရပ်ကွက်က ဒေသခံ ၁၆၀၀ နီးပါးကို လက်ခံထားတဲ့ ရွှေရင်မျှော်ဘုရား ရေဘေး ကယ်ဆယ်ရေးစခန်းအခြေအနေနဲ့ပတ်သက်ပြီး စခန်းတာဝန်ခံ ဦးအောင်မြင့်သိန်းက ပြောတာက

"စားဝတ်နေရေးကတော့ ပြည်နယ်က အစီအမံနဲ့ ရေဘေးဒုက္ခသည်တွေကို ဟင်းချက်ပေးဖို့ တာဝန်ပေး ထားပါတယ်။ ကျနော်တို့ သူတို့အတွက် မနက်၊ ည ဟင်းချက်ကျွေးပါတယ်။ ဒီနှစ်ရေအနေအထား ကတော့ အဲလိုမျိုး ဝုန်းဒိုင်းကြီး ကြီးလာတာမဟုတ်တဲ့အတွက် ကြီးလာတဲ့ အချိန်မှာတော့ အချိန်နဲ့ တစ်ပြေးညီ ဒီကိုရောက်လာပါတယ်။ ဒါပေမဲ့ မီးသတ်တို့ ကြက်ခြေနီတို့ကတော့ ကျနော်တို့ကို အရန်သင့်လှေချ ထားပေးပါတယ်"

ဘားအံမြို့ပေါ်က ရေမြုပ်နေတဲ့ ရပ်ကွက်တချို့မှာ တပ်မ၂၂ လက်အောက်ခံတပ်တွေက ရေဘေးသင့်ပြည်သူတွေကို နေရာရွှေ့ပြောင်းပေးတာတွေနဲ့ ဆေးကုသတာတွေကို လုပ်ဆောင်ပေးနေပါတယ်။

စားဝတ်နေထိုင်ရေးအတွက်ကိုတော့  ပြည်နယ်အစိုးရက ကူညီဆောင်ရွက်ပေးနေပါတယ်။

ဒါပေမဲ့လို့ ရေဘေးသင့်ပြည်သူတွေအနေနဲ့ သောက်ရေသန့် ရရှိရေးပိုင်း အခက်အခဲရှိနေတယ်လို့ ဘားအံမြို့ မိုးလုံလေလုံအားကစားရုံ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်နေတဲ့ ဦးစိုးမြင့် ကပြောပါတယ်။

"ညပိုင်းမှာ တအားတက်လာတာ။ မနက်ပိုင်းမှာ မိုးလင်းတာနဲ့ ဒီကို နေရာလာယူတာ၊ တစ်ထပ်အိမ် ပျဉ်ထောင်အိမ် လှေကားတစ်ထစ်ပဲ ကျန်တော့တာ ကလေးတွေစိုးရိမ်တာကြောင့် ပြောင်းလာတာ။ သောက်ရေသန့်မရှိတာ၊ ရေဝယ်သောက်ရတယ်။ မနှစ်က ရေတအားတက်လာတော့ နှစ်လလောက် နေရတယ်။ ဒီနှစ်တော့ နေရရင် ၄၊ ၅ ရက်ပဲပေါ့"

လာမယ့် ၃ ရက်အတွင်းမှာ မုတ်သုန်အားပျော့ပြီး မိုးလျော့သွားနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး  ကပြောပါတယ်။

"မုန်တိုင်းငယ်အရှိန်ကြောင့် ကမ်းရိုးတန်းဒေသတွေမှာ ရံဖန်ရံခါမိုးသက်လေပြင်းကျပြီး လှိုင်း ကြီးနိုင်တယ်။ မိုးသက်လေပြင်းကျတဲ့အချိန်မှာ မြေပြင်ရေပြင်အခြေအနေတွေဟာ တစ်နာရီကို မိုင် ၄၀၊ ၄၅ မိုင်အထိကို တိုက်နိုင်တယ်။ ကုန်းထဲကို ဝင်ပြီးရင်တော့ မုတ်သုန်အင်အားကျပြီး မိုးလည်းလျော့သွားမယ့် အနေအထားရှိပါတယ်"

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ မိုးကာလ မတိုင်ခင်တည်းက တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေထံ မိုးတွင်းကာလအသုံးပြုဖို့အတွက် အသက်ကယ်အင်္ကျီတွေ၊ လှေတွေ ပို့ဆောင်ထားပြီး လိုအပ်တဲ့ တာဘောင် ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ထားကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

အခုလို အနီးကပ် ဖြစ်လာချိန်မှာ လိုအပ်တဲ့ ညွန်ကြားချက်တွေနဲ့ ကူညီဆောင်ရွက်မှုတွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကသာ အသေးစိတ်ထုတ်ပြန်တာဖြစ်တယ်လို့ ပြောပါတယ်ရှင်။

( RFA သတင်းထောက် မဝေမာထွန်းနဲ့ ကိုကျော်လွင်ဦး စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။