ALD ပါတီခေါင်းဆောင် နှစ်ဦး ကို ရွေးချယ်


2017.03.27

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ တည်ထောင်လိုသူတွေထဲ က ခေါင်းဆောင်နှစ်ဦးကို ဒီနေ့ရွေးချယ်လိုက်ပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့မှာ ပါတီခေါင်းဆောင်တွေအစည်းအဝေးကျင်းပပြီး ပထမခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်ကို ရွေးချယ်ခဲ့ကြတာဖြစ်တယ်လို့ ပထမခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတဲ့ ဦးကျော်မြင့်က အခုလိုပြောပါတယ်။

"ပါတီတည်ထောင်လိုသူ အယောက် ၂၀ နဲ့ ALD ကို တည်ထောင်ဖို့အတွက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကို တင်ထားတယ်လေ၊ အယောက် ၂၀ ကပဲ ပ- ခေါင်းဆောင်နဲ့ ဒု-ခေါင်း ဆောင် ကို ရွေးပါတယ်၊ ပ-ခေါင်းဆောင်ကတော့ ဦးကျော်မြင့် ကျနော်ပေါ့လေ နောက်တစ် ယောက်က ဦးအောင်စိုး ရမ်းဗြဲကပါ၊ ပြည်ထောင်စုရွေးကောက်ပွဲဥပဒေအရ ပါတီတည်ထောင် တော့မယ်ဆိုရင် ပ-ခေါင်းဆောင်နဲ့ ဒု-ခေါင်းဆောင် သူတို့ဆီကို ပို့ရတယ်၊ ကျနော်တို့က အဆင် သင့်ရွေးထားတာပေါ့’"

ဦးကျော်မြင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့စဉ်က ALD ပါတီရဲ့ ဒုတိယဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲချုပ် ALD ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ်အများဆုံး အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပါတယ်။

တပ်မတော်အစိုးရလက်ထက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ အတူ အတိုက်အခံအဖြစ် ရပ်တည်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ပါတီကို ပြန်လည် မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲ မဝင်ခဲ့တဲ့ ပါတီလည်းဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၂ ခုနှစ်မှာတော့ နိုင်ငံရေး ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ALD ပါတီကို ဖျက်သိမ်းကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDPနဲ့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ANP ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ နှစ်ဘက်ခေါင်းဆောင်တွေကြား သဘောထား ကွဲလွဲမှုတွေရှိလာပြီး ALD ပါတီဝင်ဟောင်း တချို့ ပါတီကနေ ထုတ်ပယ်ခံခဲ့ရတဲ့အတွက် အရင်ပါတီဟောင်းဖြစ်တဲ့ ALD ပါတီကို ပြန်လည်ထူထောင်ဖို့ ဆောင် ရွက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။