ကော်မတီဖွဲ့စည်းရေး တောင်ကုတ်မြို့မှာ ALD ဦးဆောင်ဆွေးနွေး
2019.01.19

ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်ဖို့အတွက် ရခိုင်ပြည်နယ် တောင်ပိုင်းက မြို့နယ် ၇ မြို့နယ်က အဖွဲ့အစည်းအသီးသီးတို့ရဲ့ ဆွေးနွေးပွဲကို တောင်ကုတ်မြို့မှာ ဒီကနေ့ ကျင်းပနေပါတယ်။
တောင်ကုတ်မြို့ ဦးဥတ္တမလမ်းက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရုံးမှာ ရခိုင်ပြည်နယ်တောင်ပိုင်း မြို့နယ်တွေက နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြ တာလို့ ALD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရခိုင်ပြည်သူတွေကို သတိပေးပြောကြားလိုက်တာဟာ ရခိုင်လူထု စိတ်ထိခိုက်ရတဲ့အတွက် ကန့်ကွက်ရှုတ်ချကြောင်း လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ AA တို့ရဲ့ စစ်ရေးတင်းမာမှုတွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေလို့ စစ်ဘေးဒုက္ခသည်တွေကို ဘယ်လိုကူညီကြမလဲဆိုတဲ့ အရေးကိစ္စတွေကို ဆွေးနွေးနေကြတာဖြစ်တယ်လို့ ပြောပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို ရခိုင်ပြည်နယ်တောင်ပိုင်း ၇ မြို့နယ်စလုံးက အဖွဲ့အစည်းတွေအားလုံး မတက် ရောက်နိုင်တာကြောင့် ဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။
စစ်တွေမြို့မှာလည်း ပြီခဲ့တဲ့ ရက်ပိုင်းက ANP ပါတီ ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကနေ ဖွဲ့စည်းလိုက်တဲ့ ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီ ဖြစ်မြောက်ရေးအဖွဲ့အစည်းအဝေးကို ဒီနေ့ ကျင်းပခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။