လေကြောင်းတိုက်ခိုက်မှုကြောင့် မြောက်ဦးက အရပ်သား ငါးဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

RFA Burmese
2023.12.28
လေကြောင်းတိုက်ခိုက်မှုကြောင့် မြောက်ဦးက အရပ်သား ငါးဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြောက်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်တချို့အား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွေရွာအနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သား ငါးဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော် (AA)က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်တွေနဲ့ လေကြောင်းက ပစ်ခတ်သလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်းဘွေဘက်မှာ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဲဒါတော့ ကျွန်တော်လည်း ကြားမိတယ်၊ အရေအတွက်အတိအကျတော့ မသိဘူး၊ ဒီနေ့ နေလယ်လောက်မှာ တိုက်ပွဲဖြစ်တာက မနက်အစောကနေ မြောင်းဘွေဘက်မှာ လက်နက်ကြီးသံတွေကြားရတယ်၊ နေ့လယ်လောက်မှာ လေယာဉ်နဲ့လာပြီး ဗုံးကြဲသွားတယ်လို့ သိရတယ်၊ ဗုံးကြဲတဲ့အထဲမှာ အရပ်သားတွေ ထိခိုက်သေဆုံးတယ်လို့ ကြားရတယ် အရေအတွက်အတိအကျတော့ မသိရဘူး၊ အဓိကတော့ သေတဲ့အထဲမှာ မွတ်စလင်အရပ်သားတွေပါတယ်"

ဒီလိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မြောင်းဘွေရွာနဲ့ ပေါင်းတုတ်ရွာက မွတ်စလင် အရပ်သား ငါးဦးသေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရခိုင်ဒေသအခြေစိုက် Western News သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ RFA အနေနဲ့ ဒီကိစ္စကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ မြောက်ဦးမြို့ပေါ်ရပ်ကွက် ခုနစ်ခုမှာ ၁၁ ယောက်လောက် လက်နက်ကြီးထိ သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ လေးသောင်းနီးပါးရှိတဲ့ မြောက်ဦးမြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် တစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရသလို မြောင်းဘွေဒေသမှာလည်း လူဦးရေနှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။