အမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ
2024.05.05

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် မင်းတက်ရွာတစ်ဝိုက်ကို မေလ ၄ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။
မင်းတက်ရွာနဲ့ တန်းတင်ရွာကို ဆက်သွယ်ထားတဲ့ တံတားပေါ်မှာ ဒေသခံတွေသွားလာနေချိန် အဲဒီတံတားနားမှာ ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦး နေရာမှာတင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အသက် ၁၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး၊ အသက် ၃၀ ကျော်အရွယ် အမျိုးသားသုံးဦး စုစုပေါင်း ငါးဦးကတော့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းနဲ့ လာရောက်ဗုံးကြဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီတံတားက အရပ်သားတွေ အများပိုင်သွားလာအသုံးပြုနေတဲ့ တံတားပါ။ အဲနားတစ်ဝိုက်က ရွာတွေမှာ အရပ်သားတွေပဲရှိတယ်။ လေယာဉ်ပေါ်က တံတားပေါ်မှာ ဆိုင်ကယ်တွေနဲ့ အရပ်သားတွေသွားလာနေတာ မြင်ရဲ့သား သပ်သပ်မဲ့ပစ်ချတာ။ အရပ်သားသွားလာတဲ့ပုံစံနဲ့ စစ်ဘက်ဆိုင်ရာတွေ သွားလာတဲ့ပုံစံက တူမှမတူတာ၊ သူတို့ (စကစ) က မသိဘူး၊ မမြင်ဘူးဆိုတာ မဖြစ်နိုင်ဘူး"
ဒဏ်ရာရသူတွေဟာ နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးကုသနေရပြီး အဲဒီအထဲက အသက် ၁၃ နှစ်အရွယ် အမျိုးသမီးကတော့ ကျောပြင်အနှံ့ ဒဏ်ရာရရှိခဲ့တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဧရိယာပြင်ပရောက်နေတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်တဲ့ အမ်းမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ မတ်လ ၂၄ ရက်နေ့နောက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်နေပါတယ်။