တန်ဆောင်တိုင် မီးပုံးပျံပွဲတော် တောင်ကြီးမြို့မှာ စတင်ကျင်းပ
2013.11.11

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီနှစ်တန်ဆောင်တိုင် မီးပုံးပျံပွဲတော် မနေ့ညက စတင်ကျင်းပရာ အရင်နှစ်တွေကထက် လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ပွဲတော်လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားတာတွေကို အခုလို ပြောပါတယ်။
“ဒီနှစ်ထူးခြားတာက ဒုတိယပြည်နယ်ရဲမှူးကြီး စောင့်ပြီးတော့မှ ပြိုင်ပွဲဝင်မယ့် မီးပုံးပျံတွေ ကျနော်နဲ့အတူပေါ့၊ ဌာနဆိုင်ရာ မီးသတ်တို့၊ ရဲတို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီးတော့မှ ကြိုတင်ကွင်းဆင်း စစ်ဆေးထားပြီးပြီ်၊ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်မှာဖြစ်နေတဲ့ ပေါက်ကွဲမှုတွေ ထပ်မဖြစ်ရအောင် မီးပုံးပျံအဖွဲ့တွေကို ကျနော်တို့က ကြိုတင်ပြီးတော့ လိုက်လံသတိပေးတယ်”
တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၀ ရက် က တောင်ကြီးမြို့ အဝေရာကုန်းသာယာမှာကျင်းပခဲ့ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နဲ့ ပြည်နယ်ဝန်ကြီးတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်တွေနဲ့ ဒေသခံတွေအပါအဝင် လူသိန်းနဲ့ချီပြီး တက်ရောက်ခဲ့ပါတယ်။
နိုဝင်ဘာလ ၁၈ ရက်အထိ ကျင်းပမယ့် ဒီ်မီးပုံးပျံပြိုင်ပွဲမှာ စုစုပေါင်းမီးပုံးပျံ ၄၀၀ နီးပါး ပြိုင်ပွဲဝင်မှာ ဖြစ်ပါတယ်။
အခုနှစ်မှာ ရန်ကုန်အခြေစိုက် ကုမ္ပဏီတွေရဲ့ ပြိုင်ပွဲဝင်ကြော်ငြာမီးပုံပျံတွေ အရင်နှစ်ထက် နည်းပါးသွားသလို ဆိုင်ခန်းဌားရမ်းခတွေ သိသိသာသာ မြင့်တက်လာတာကြောင့် အရင်နှစ်တွေထက် ဆိုင်ခန်းအရေအတွက် လျော့နည်းသွားတယ်လို့လည်း သိရပါတယ်။