ဖမ်းထားတဲ့ ဆရာတော်ကို ဥပဒေမဲ့ စီရင်ခဲ့ရင် စစ်တွေသံဃာထု သည်းခံမည်မဟုတ်

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စစ်တွေမြို့မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်က သမိုင်းသုတေသီ ဆရာတော် ဦးပညာစာရကို ဆက်လက် ရုံးထုတ်စစ်ဆေးနေရာမှာ အစိုးရသက်သေတွေ ဘက်က အထောက်အထား အခိုင်အလုံ မတင်ပြနိုင်သေးတဲ့အတွက် ဆရာတော် လွတ်မြောက်ဖို့ အလားအလာ ကောင်းမွန်တယ်လို့ တရားခွင်နဲ့နီးစပ်သူ မြို့ခံတွေက ပြောပါတယ်။

2010.09.12
pyinnyasara_rakhine_monk_305_z မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက် (စစ်တွေမြို့) ဆရာတော် အသျှင် ပညာစာရ။ (Photo: freedomburma.org)
Photo: freedomburma.org

ဆရာတော်ကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ တပတ် (၃) ကြိမ် ရုံးထုတ် စစ်ဆေးနေပြီး အစိုးရသက်သေ စုစုပေါင်း ၂၀ ကျော်ထဲက ၁၅ ဦးလောက် စစ်ဆေး ပြီးစီးသွားပြီလို့ သိရပါတယ်။

(၉) ကြိမ်မြောက်အဖြစ် စက်တင်ဘာလ ၁၀ ရက် နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီး သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ လောလောဆယ်အထိ ဆရာတော်ဟာ ဥပဒေနဲ့ ငြိစွန်းတာ မတွေ့ရသေးဘူးလို့ အမှုအကြောင်း အနီးကပ် လေ့လာနေတဲ့ စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပါတယ်။

“၁၀ ရက်နေ့က သက်သေ ၄ ယောက် စစ်ဆေးတယ်။ တရားသူကြီး တယောက်ပါတယ်။ နောက်တယောက်က ဦးကျော်ညွန့်ဆိုတဲ့ လူတယောက်ပါတယ်။။ ဘိုးဘွားရိပ်သာ ဥက္ကဌပေါ့နော်။ အစိုးရသက်သေ ၄ ယောက် စစ်ဆေးတယ်။ နောက်ဦးအေးစိန်မောင် ဆိုတဲ့ ရယက ဥက္ကဌ တယောက်ပါတယ်။ နောက် ဦးမောင်ဘဦး ဆိုတဲ့ တယောက်ပါတယ်။ အဲဒီ ၄ ယောက်ကို စစ်ဆေးသွားတယ်။ အမှုအလားအလာက ဆရာတော်ဘက်က နည်းနည်း အသာစီးရ နေတယ်လို့ ဆိုတယ်။ သူတို့ နဂို ထွက်ဆိုထားတဲ့ ဟာတွေက တယောက်မှ မျက်မြင်ကိုယ်တွေ့ မရှိဘဲနဲ့ ဘေးကကြားတဲ့ စကားတွေနဲ့ ဆရာတော်ကို စွပ်စွဲထားတာ”

စစ်တွေမြို့ ဗုဒ္ဓဝိဟာရကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဖြစ်တဲ့ ဦးပညာစာရဟာ သက်တော် (၅၇)၊ ဝါတော် (၃၇) ဝါ ရှိပြီး ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။ စစ်အစိုးရက ဆရာတော်ကို သာသာနာ ညှိုးနွမ်းစေမှု၊ သာသနာ့မြေကို ငှားရမ်းအသုံးပြုမှု၊ လိမ်လည်မှု စတဲ့ ပုဒ်မ (၇) ခုတပ်ပြီး တရားစွဲဆိုထားတာပါ။

အခုလို ရခိုင်သမိုင်းသုတေသီ ဆရာတော်ကို အဓမ္မ အမှုဆင် ဖမ်းဆီးထားတဲ့အတွက် ပြည်တွင်းပြည်ပ ရခိုင်လူထုအကြား မကျေမနပ် ဖြစ်နေကြပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

ဦးပညာစာရဟာ မတော်မတရား စွပ်စွဲခံထားရတဲ့အတွက် တိုင်းတပါး ဘာသာခြားတွေ အထင်မသေးရအောင် ဥပဒေဘောင်အတွင်းက ဆောင်ရွက်ဖို့ စစ်တွေ၊ မင်းပြား၊ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်အသီးသီးက ဆရာတော် သံဃာတော် (၁၅) ပါးလောက်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဆီကို ပြီးခဲ့တဲ့ရက်ပိုင်းက စာရေးသား မေတ္တာရပ်ခံထားပါတယ်။ ဆရာတော်ကို ဥပဒေမဲ့ ထောင်ချခဲ့ရင် သံဃာအများစုက သည်းခံမှာမဟုတ်ဘူးလို့ စစ်တွေ သံဃာတော်တချို့က မိန့်ကြားပါတယ်။

စစ်တွေမြို့က သံဃာတော်တပါးကို RFA က ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။