ရခိုင်ပြည်နယ် သွားရောက်ကူညီခွင့် AI တိုက်တွန်း
2016.10.20

ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီတွေ သွားရောက်ပေးနိုင်ရေးအတွက် ကန့်သတ်ထားတာတွေ ချက်ချင်းရုပ်သိမ်းပေးဖို့ မြန်မာအစိုးရကို AI- နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။
ကချင်ပြည်နယ်မှာ ပဋိပက္ခပိုများလာပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှု ဖြစ်ပွားတာဟာ နဂိုရှိပြီးသား လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ ပိုဆိုးဝါးလာတယ်လို့ AI ကဖော်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ လုံခြုံရေးစစ်ဆင်တဲ့အတွက် ရိုဟင်ဂျာနဲ့ ရခိုင်အသိုင်းအဝိုင်းတွေ နေအိမ်တွေက ထွက်ပြေးကြ တယ်လို့ AI အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Rafendi Djamin က ပြောပါတယ်။
ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ မကြာခင်နှစ်ပိုင်းတွေကပဲ လူထောင်သောင်းချီ နေရပ်ကရွှေ့ပြောင်းနေရပြီး လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်က ဖြစ်ရပ်တွေဟာ အခြေအနေ ပိုဆိုးဝါးတဲ့အပြင် အန္တရာယ်များလာတယ် လို့လည်း ပြောပါတယ်။