သက်ကြီးရွယ်အိုဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိနေထိုင်ခွင့် မရကြ
2019.06.18

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ သောင်းနဲ့ချီတဲ့ သက်ကြီးရွယ်အို စစ်ဘေးဒုက္ခသည်တွေဟာ တပ်မတော်စစ်ကြောင်းတွေရဲ့ ဖိနှိပ်ရက်စက်ခံရမှုတွေ အပါအဝင် ကိစ္စတချို့ကြောင့် ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်တဲ့ အခွင့်အရေး မရကြဘူးလို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲက ဒီနေ့ ပြောလိုက်ပါတယ်။
ဇွန်လ ၁၈ ရက် ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ “တစ်ဘဝလုံးပြေးနေရတယ်” လို့ ခေါင်းစီးပေးထားတဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ပြီး ထွက်ပြေးနေရတဲ့ ဒုက္ခသည် သက်ကြီးရွယ်အိုတွေရဲ့အကြောင်း စုံစမ်းဖော်ထုတ်ထားတဲ့ အစီအရင်ခံစာမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားလူနည်းစုတွေဟာ မြန်မာတပ်တွေရဲ့ လက်အောက်မှာ အဖန်ဖန်တလဲလဲ ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခံရကြောင်း၊ ဒီအထဲမှာ မကြာခင် တပ်မတော်စစ်ဆင်ရေးတွေနဲ့ ရက်စက်မှုတွေကို ကြုံတွေ့ခဲ့ရတဲ့ သက်ကြီးရွယ်အိုတွေဟာ သူတို့ ငယ်ရွယ်စဉ်ဘဝကတည်းက ခံခဲ့ကြရကြောင်း၊ သူတို့ရဲ့ အတွေ့အကြုံတွေကို ကြည့်ခြင်းအားဖြင့် မြန်မာ့တပ်မတော်ရဲ့ ကာလရှည်ကြာ ရှိနေတဲ့ ရက်စက်မှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရသလို တရားမျှတအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ချက်ကိုလည်း တွေ့မြင်ရကြောင်း AI ရဲ့ ပဋိပက္ခဆိုင်ရာ အကြီးတန်း အကြံပေး မက်သူး ဝဲလ်စ်က ပြောပါတယ်။
သောင်းနဲ့ချီတဲ့ သက်ကြီးရွယ်အိုဒုက္ခသည်တွေဟာ တပ်မတော်ရဲ့ ဖိနှိပ်ရက်စက်မှုတွေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်နေရပ်စွန့်ပြီး ထွက်ပြေးနေရတဲ့ ဒုက္ခသည် တစ်သန်းကျော်ထဲမှာ ပါဝင်နေကြောင်း၊ လူသားချင်းစာနာမှုအကူညီပေးရေး အသိုင်းအဝိုင်းအနေနဲ့ ပဋိပက္ခတစ်ခုပြီးတစ်ခု ကူညီကယ်ဆယ်တာတွေလုပ်ခဲ့ကြကြောင်း၊ ဒါပေမဲ့ သက်ကြီးရွယ်အိုတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ကျ လစ်လျုရှုထားသလိုဖြစ်နေကြောင်းလည်း သူက ပြောပါတယ်။
ဒီအစီအရင်ခံစာဟာ မြန်မာနိုင်ငံက ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကို ခရီး သုံးကြိမ်ရောက်ရှိခဲ့ပြီး ကချင်၊ လီဆူ၊ ရခိုင်၊ ရိုဟင်ဂျာ၊ ရှမ်းနဲ့ တအာင်း လူမျိုး ဒုက္ခသည် ၁၄၆ ဦးကို တွေ့ဆုံမြန်းလို့ရရှိခဲ့တဲ့ အချက်လက်တွေကို အခြေခံထားတယ်လို့ သိရပါတယ်။ တွေ့ဆုံခဲ့တဲ့ ဒုက္ခသည်တွေဟာ အသက် ၅၄ နှစ်ကနေ အသက် ၉ဝ အထိရှိတယ်လို့လည်း သိရပါတယ်။