ရေကြည်မြို့နယ်မှာ စိုက်ပျိုးစရိတ်ချေးငွေတွေကို သတိပေးစာထုတ်ပြီးတောင်းယူနေ

RFA Burmese
2024.02.01
ရေကြည်မြို့နယ်မှာ စိုက်ပျိုးစရိတ်ချေးငွေတွေကို သတိပေးစာထုတ်ပြီးတောင်းယူနေ ဖျာပုံမြို့နယ်၊ အောင်သာယာကျေးရွာ၌ စပါးရိတ်သိမ်းနေသည့်မြင်ကွင်းအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ရစဉ်။
RFA

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က လယ်သမားတွေကို ၂၀၂၀ ပြည့်နှစ် မိုးစပါးချေးငွေတွေကိုပြန်ဆပ်ဖို့ မြန်မာ့လယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ဇန်နဝါရီလ ၂၆ ရက်နေ့က သတိပေးစာထုတ်ထားတယ်လို့ ရေကြည်မြို့နယ်က လယ်သမားနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

ရေကြည်မြို့နယ်မှာရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၀၅ အုပ်စုက လယ်သမားတွေကို ၂၀၂၀ ပြည့်နှစ်က လယ်တစ်ဧကကို ကျပ် တစ်သိန်းခွဲ နှုန်းချေးယူထားတဲ့ချေးငွေတွေ ပြန်ဆပ်ဖို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကနေ သတိပေးစာထုတ်ပြီး တောင်းယူနေတာလို့ ရေကြည်မြို့နယ်က လယ်သမားနဲ့ နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။

ဒီလိုတောင်းယူနေပေမယ့် လယ်သမားတွေအနေနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့အတူ စက်သုံးဆီစျေး၊ ဓာတ်မြေသြဇာ စျေးတွေ မြင့်တက်သွားတာနဲ့ရင်ဆိုင်နေရသလို စားဝတ်နေရေးပါ ခက်ခဲနေတဲ့ကာလဖြစ်ဖို့ ချေးငွေပြန်ဆပ်နိုင်ဖို့ မလွယ်ဘူးလို့လည်း ဆိုပါတယ်။

"ဒီအတိုင်းတောင်မှ လုပ်ရကိုင်ရ အဆင်မပြေတဲ့အချိန်မှာ ဒီလိုအသည်းအသန်တောင်းတယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူးပေါ့နော်။ လက်ရှိအချိန်မှာ ထုတ်ကုန်အရင်းအနှီးပေါ့။ ရေနံစျေး၊ ဓာတ်ဆားစျေးကအစကြီး အကုန်အခက်အခဲတွေဖြစ်နေတဲ့အချိန်မှာ အခုလိုဖြစ်တော့ လယ်သမားတွေ လုံးဝကိုအခက်အခဲ အကြီးအကျယ် ဖြစ်တယ်ပေါ့နော်။ လက်ရှိမှာ ဖမ်းလည်းခံရမယ့် ပုံစံမျိုးဖြစ်နေတာ"

ရေကြည်မြို့နယ်က လယ်သမားတစ်ဦးထံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပေးပို့လာတဲ့ သတိပေးစာကို RFA က ရရှိထားပြီး အဲဒီစာထဲမှာတော့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ပေးသွင်းဖို့ပျက်ကွက်တဲ့ ၂၀၂၀ မိုးစပါး ချေးငွေအတွက် ဝရမ်းထုတ်ဆင့်ပြီး အရတောင်းခံဖို့ လျှောက်ထားချက်ရှိတာကြောင့် ချေးငွေကို ဘဏ်မန်နေဂျာ ထံဆီ အရောက်ပေးဆောင်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ ဧရာဝတီတိုင်းလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာလည်း ဟင်္သာတမြို့နယ်က ကျေးရွာတချို့မှာ စိုက်ပျိုးစရိတ်ချေးငွေတွေကို သတိပေးစာထုတ်ပြန်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဖိအားပေးတောင်းခံတာမျိုးရှိတယ်လို့ ဒေသခံလယ်သမားတွေက ပြောဆိုထားပါတယ်။ ဒါ့အပြင် ကန်ကြီးဒေါင့်မြို့နယ်နဲ့ လပွတ္တာမြို့နယ်က ကျေးရွာတချို့မှာလည်း ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးစရိတ်ချေးငွေတွေကို သတိပေးစာထုတ်ပြန်ပြီး တောင်းခံ တာမျိုးတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောဆိုထားပါတယ်။

ဧရာဝတီတိုင်းဟာ မြန်မာနိုင်ငံမှာ ဆန်စပါးအများဆုံးထွက်ရှိသလို ၂၀၂၂-၂၀၂၃ ခုနှစ် ဇူလိုင်လမှာ မိုးစပါးစိုက်ဧက ၁ ဒသမ ၆သန်း စိုက်ပျိုးခဲ့ပြီး ၂၀၂၃ ဇန်နဝါရီလမှာတော့ နွေစပါး ၁ ဒသမ ၂ သန်းကျော် စိုက်ပျိုးခဲ့တယ်လို့ စားသုံးသူရေးရာဦးစီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။