ရေကြည်မြို့နယ်က ရခိုင်စစ်ဘေးဒုက္ခသည်တွေ ပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ် ညွှန်ကြား

RFA Burmese
2024.12.25
ရေကြည်မြို့နယ်က ရခိုင်စစ်ဘေးဒုက္ခသည်တွေ ပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ် ညွှန်ကြား ရခိုင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုအတွင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ကို နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီတပ်က ပြောင်းရွှေ့ခိုင်းတယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၂၅ ရက် ဒီနေ့ပြောပါတယ်။

ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဒီဇင်ဘာလ ၂၂ ရက်နေ့ကစပြီး ခုနစ်ရက်အတွင်း အပြီးပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ်က ဖိအားပေးနေတာလို့ ဆိုပါတယ်။

ရေကြည်မြို့နယ် ငသိုင်းချောင်း- ဂွ လမ်းအနီးက ရိုးမတောအစပ်မှာ အခြေစိုက်ထားတဲ့ အမြောက်တပ် အမတ (၃၄၄) အနီး ကုန်းပြင်၊ ဂွေးတောက်ကွက်သစ် စတဲ့ ရွာတွေအပါအဝင် ရွာ ဆယ်ရွာမှာနေထိုင်တဲ့ စစ်ဘေးဒုက္ခသည်တွေကို ပြောင်းရွှေ့ခိုင်းတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေကြည်မြို့မှာရောက်နေတဲ့ ရခိုင်စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“ဂွေးတောက် ကွက်သစ်တို့၊ ကုန်းပြင်တို့ အဲဒီပတ်ဝန်းကျင်ပေါ့။ အဲဒီကလူတွေကတော့ ပြောင်းရွှေ့ခိုင်းတယ်။ တစ်ဆယ့်တစ်မျဉ်းစောင်းတွေ (ရခိုင်မှတ်ပုံတင်) အဲဒီက ပြောင်းရွှေ့ပေးရတယ်”

ရခိုင်ပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ စဖြစ်ချိန် ဂွမြို့နဲ့နီးတဲ့ ရိုးမတောအနီးက အဲဒီရွာတွေမှာ စစ်ဘေးဒုက္ခသည်အများစု တိမ်းရှောင်လာကြပြီး အရေအတွက်ကိုတော့ အတိအကျမသိရဘူးလို့ ဆိုပါတယ်။

ပြောင်းရွှေ့ခိုင်းတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကျုံပျော်မြို့နယ်ဘက် မသွားဖို့လည်း စစ်ကောင်စီတပ်က ကန့်သတ်ထားတယ်လို့ ဂွမြို့ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီဇင်ဘာ ၂၅ ရက်နေ့ ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ဒီဇင်ဘာ ၂၂ ရက်နေ့က ရေကြည်မြို့နယ် အခြေစိုက် အမြောက်တပ် အမတ (၃၄၄) အနီး မြောက်စမ်းရွာမှာ စစ်ဘေးတိမ်းရှောင်တဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်က စစ်ဘေးဒုက္ခသည် ဆယ်ဦးထက်မနည်းဟာ အာရက္ခတပ်တော် (AA) ကို စစ်သတင်းတွေ ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။