သင်ဇာဝင့်ကျော်နဲ့ မိသားစုအဆက်အသွယ်မရ

2022.07.06
သင်ဇာဝင့်ကျော်နဲ့ မိသားစုအဆက်အသွယ်မရ ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း SSA စစ်ဝတ်စုံဖြင့် တွေ့ရသော သရုပ်ဆောင်သင်ဇာဝင့်ကျော်။
Photo: သျှမ်းသံတော်ဆင့်

ဖမ်းဆီးခံရတယ်ဆိုပြီး သတင်းထွက်နေတဲ့ မော်ဒယ်သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မိသားစု အဆက်အသွယ်မရဘဲ ဖြစ်နေတယ်လို့ သင်ဇာဝင့်ကျော်နဲ့ရင်းနှီးတဲ့ အမည်မဖော်လိုသူ မိတ်ဆွေတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။

သင်ဇာဝင့်ကျော်အဖမ်းခံရတယ် ဆိုတဲ့သတင်းတွေ အင်တာနက်အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ထွက်ပေါ်လာတာကြောင့် မိသားစုကလည်း စိတ်ပူနေတယ်လို့ သူကဆိုပါတယ်။

ရှမ်းပြည်နယ် လားရှိုးမြို့ကို အလုပ်ကိစ္စနဲ့သွားရင်း ဒီကနေ့မနက်ပိုင်းကစလို့ အဆက်အသွယ် ပြတ်တောက်သွားတာလို့ ဆိုပါတယ်။ သူ့ကို ဖမ်းဆီးထားတာ ဟုတ် မဟုတ်ဆိုတာကို မိသားစုက မသိသေးသလို အာဏာပိုင်တွေဘက်ကလည်း ဆက်သွယ်ပြောဆိုလာတာ မရှိဘူးလို့ သင်ဇာဝင့်ကျော်ရဲ့မိတ်ဆွေက ပြောပါတယ်။

သင်ဇာဝင့်ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသမှာ ပြုလုပ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆုရဲ့သမီး မင်္ဂလာပွဲကို ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း SSA စစ်ဝတ်စုံဝတ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။

အဲဒီကအပြန် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးစစ်ဆေးခံရတာလို့ ရှမ်းပြည်အခြေစိုက် သျှမ်းသံတော်ဆင့်သတင်းဌာနက ဒီနေ့ ဖော်ပြပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာ… သင်ဇာဝင့်ကျော်ဟာ တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ချိတ်ဆက်ခဲ့တာကြောင့် ဖမ်းဆီးအရေးယူသင့်ကြောင်း ဖော်ပြချက်တွေ ထွက်လာပြီးနောက် သူဟာ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်သွားတာပါ။

SSPP/SSA ရဲ့ စာမျက်နှာမှာတော့ သင်ဇာဝင့်ကျော်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေး ရုပ်ရှင်ဇာတ်လမ်းတို ရိုက်ကူးဖို့ SSPP က ဖိတ်ကြားခဲ့တာလို့ ဖော်ပြထားပါတယ်။

သင်ဇာဝင့်ကျော် အဖမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ SSPP ကို RFA ကမေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

SSPP/SSA ဟာ လက်ရှိ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားခံရပေမယ့် တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။