ABSDF မြောက်ပိုင်းတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရမှု သတင်းစာရှင်းလင်းပွဲ ပြုလုပ်
2012.08.31

ဒီသတင်းစာ ရှင်းလင်းပွဲကို ၁၉၉၂ ခုနှစ်အတွင်း ABSDF မြောက်ပိုင်း သတ်ဖြတ်မှုကနေ ထွက်ပြေး လွှတ်မြောက်လာတဲ့ ကျောင်းသားဟောင်း ၂၀ လောက်က ဦးဆောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
မြောက်ပိုင်းစခန်းမှာ သေဆုံးသွားတဲ့ ကျောင်းသား ရဲဘော်တွေရဲ့ ဖြစ်ရပ်ကို ပြည်သူလူထု အမှန်အတိုင်း သိစေဖို့ ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ ABSDF မြောက်ပိုင်း ကျောင်းသားဟောင်း ကိုဘိုဘိုက ပြောပါတယ်။
"ကျွန်တော်တို့ ဒီပွဲလေးကို ကျင်းပရခြင်း ရည်ရွယ်ချက် အနေနဲ့ဆိုလို့ရှိရင် မြောက်ပိုင်းမှာ ကျဆုံးသွားသူများ၏ မိသားစုဝင်များမှ တရားရေးဆိုင်ရာ လမ်းကြောင်းများမှ ချဉ်းကပ်ဖြေရှင်းမှုတွင် ပူးပေါင်းကူညီ ဆောင်ရွက်ရန်၊ ဒီမိုကရက်တစ် လူ့ဘောင် တည်ထောင်ရာတွင်၊ တည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သော တရားစီရင်ရေး မဏ္ဍိုင်၏ အရေးပါမှုနှင့် တရားဥပဒေ စိုးမိုးမှုကို အလေးထားသော လူ့အဖွဲ့အစည်း ဖြစ်ကြောင်း သက်သေပြရန်၊ မြောက်ပိုင်း ဖြစ်စဉ်အား နှစ်ရှည်လများ ထိန်းသိမ်းရသော အကြောင်းကို ရှင်းလင်းတင်ပြရန် ဖြစ်ပါတယ်"
အခုလို သတ်ဖြတ်ခံရမှုအတွက် အဓိက တာဝန်ရှိသူတွေထဲမှာ ABSDF တောင်ပိုင်းက ခေါင်းဆောင်တွေလည်း ပါဝင်တယ်လို့ မြောက်ပိုင်း ကျောင်းသားဟောင်း ကိုစိုးလင်းက သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။
"ဒါတွေက ဒီဘက်ေ မြောက်ပိုင်းတင် တာဝန်ရှိသလားဆိုရင် တောင်ပိုင်းဘက်ကလည်း လုံးဝကို တာဝန်ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ဦးစီးဦးဆောင် လုပ်နေတာကိုး။ လုပ်နေတဲ့အတွက် သူတို့မှာ လုံးဝ အပြည့်အဝ တာဝန်ရှိတယ်လို့ ပြောချင်တယ်။ ဒေါက်တာနိုင်အောင် လာတုန်းကလည်း ထိုနည်း၎င်း ပိုပြီးတောင် ဆိုးလာတဲ့ အတိုင်းအတာမျိုးလေးတွေ ရှိတာပေါ့ဗျာ။ ဒါမျိုးတွေက ကျွန်တော်တို့က မှန်လား၊ မှားလားဆိုတာ ပွင့်လင်းမြင်သာမှု အဆင့်ဆင့် ဖြစ်လာလို့သာ ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်း ပြောနိုင်တာပေါ့။ သူတို့မှာ လုံးဝ အပြည့်အဝ တာဝန်ရှိတယ်"
ပါဂျောင်စခန်းမှာ သတ်ဖြတ်ခံခဲ့ရသူ တစ်ဦးဖြစ်တဲ့ ဦးစိန်ရဲ့ သမီးဖြစ်သူက အဲဒီအချိန်က တာဝန်ရှိတဲ့ ABSDF ခေါင်းဆောင်ပိုင်းကို တရားဥပဒေအရ အရေးယူပေးဖို့ မြောက်ဥက္ကလာပ မြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတဲ့ ကိစ္စကိုလည်း ABSDF မြောက်ပိုင်း ကျောင်းသားဟောင်းတွေက ကူညီ ပံ့ပိုးပေးသွားမယ်လို့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြပါတယ်။
ပါဂျောင်စခန်းမှာ ABSDF မြောက်ပိုင်း ကျောင်းသားတွေအကြား ထိပ်ပိုင်းခေါင်းဆောင်တွေက စစ်ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့တဲ့အတွက် ကျောင်းသား ၃၉ ဦးခန့် သေဆုံးခဲ့ရပြီး ထွက်ပြေး လွှတ်မြောက်သွားသူ ၇၀ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။