ကိုရဲမင်းဦး ပျောက်ဆုံးမှု ဥပဒေမဲ့ လုပ်ရပ်ဖြစ်တယ်လို့ AAPP ပြော
2013.04.02
၂၀၀၇ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သူ ကိုရဲမင်းဦး ပျောက်ဆုံးမှုဟာ သာမန်ပျောက်ဆုံးမှုမဟုတ်ပဲ ဥပဒေမဲ့ မတရားဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ဒီနေ့ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ကိုရဲမင်းဦးဟာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဖြစ်မြောက်ရေး ကော်မတီ)မှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူဖြစ်သလို ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ဖမ်းဆီးခံရပြီး ၂၀၁၁ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာသူဖြစ်တယ်လို့ အေအေပီပီရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။
အေအေပီပီအဖွဲ့ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ကိုရဲမင်းဖြစ်စဉ်ကို အခုလို ပြောပါတယ်။
“အဓိကကတော့ ကိုရဲမင်းဦးကို ဖမ်းတဲ့အခါမှာ ဥပဒေနဲ့အညီ ဖမ်းဆီးတာမျိုး မဟုတ်ပဲနဲ့ ဟိုးအရင် အာဏာရှင် အစိုးရအဆက်ဆက်က ဖမ်းဆီးတဲ့ပုံစံမျိုးဖြစ်တယ်၊ ထောက်လှမ်းရေးတွေက လမ်းထိပ်ကနေ စောင့်နေတယ်၊ ပြီးတော့ မိသားစုကိုလည်း ဘာကြောင့်ခေါ်သွားရတယ်၊ ဘာကြောင့်ဖမ်းရတယ် အကြောင်းပြချက်မပေးဘူး၊ နောက်တစ်ခုက ဝရမ်းလည်း မပါဘူး၊ အဲလို ဝရမ်းမပါပဲ ဖမ်းတဲ့အခါကျတော့ တရားဥပဒေအရ ဖမ်းဆီးတာမျိုးမဟုတ်ပဲနဲ့ ပြန်ပေးဆွဲသလို ဖြစ်နေတယ်ခင်ဗျ၊ ဒါဟာ ဥပဒေမဲ့ ဖမ်းဆီးတာဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်တယ်”
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ည ၉ နာရီမှာ ကိုရဲမင်းဦးတည်းခိုနေတဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဦးသာသနာ ကျောင်းတိုက်မှာ အမည်မသိလူတစ်စုက ခေါ်ဆောင်သွားခဲ့ပြီး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ မတ်လ ၂၆ ရက်နေ့မှာ ဗဟန်းရဲစခန်းမှာ လူပျောက်မှုနဲ့ အမှုဖွင့်ထားကြောင်းလည်း သိရပါတယ်။