သုံ့ပန်းလဲဖို့ AA ထပ်ကမ်းလှမ်း


2019.11.25
aa-hostage-622 ပလက်ဝမြို့နယ် ပကာဝရွာ တိုက်ပွဲမှာ ၂၀၁၉၊ နိုဝင်ဘာ ၁၉ ရက်နေ့က AA က ဖမ်းမိထားတဲ့ တပ်မတော်သားများကို တွေ့ရစဥ်
Photo: Arakan Army

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့ရဲ့ စစ်ရေးကာလအတွင်း အမှုဖွင့်၊ တရားစွဲခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် အေအေအဖွဲ့ကထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးမယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက RFA ကို ဒီနေ့ ပြောလိုက်ပါတယ်။

AA အဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေနဲ့ပတ်သက်လို့ RFA က ဒီနေ့ဆက်သွယ်မေးမြန်းခဲ့ရာမှာ အေအေပြောခွင့်ရ ခိုင်သုခက ပြောဆိုခဲ့တာပါ။

AA ပြောခွင့်ရသူ ခိုင်သုခ"ပြောမယ်ဆိုလို့ရှိရင် အခုစစ်ဖြစ်နေတဲ့အချိန်ပိုင်းမှာပေါ့နော် အစိုးရနဲ့ ဗမာစစ်တပ်ဘက်က ဖမ်းထားတဲ့ ရခိုင်တွေကို၊ ရခိုင် ဆိုရင်တော့ အားလုံးပါတာပေါ့။ အဲဒီဥစ္စာတွေကို သူတို့ဘက်က ပြန်လွှတ်ပေးမယ် ဆိုလို့ ရှိရင်တော့ ကျွန်တော်တို့ဘက်ကလည်းပဲ သူတို့ဘက်ကလူတွေကို ကျွန်တော်တို့ဖမ်းထားတဲ့ ဥစ္စာတွေကို ပြန်လွှတ်ပေးသွားဖို့တော့ အစီအစဉ်ရှိတာပေါ့။ သူတို့ဘက်က နေပြီးတော့ အသေးစိတ် ညှိမယ်ဆိုလို့ရှိရင်တော့ ကိုယ့်ဘက်က လည်းပဲ အသေးစိတ်ပြန်ပြောဖို့တော့ရှိတာပေါ့။ အခု လောလောဆယ်မှာတော့ အသေးစိတ်ပြောဖို့တော့ မရှိသေးဘူးပေါ့"

အစိုးရနဲ့တပ်မတော်က ဖမ်းဆီးအရေးယူတာ၊ ထိန်းသိမ်းထားတာ စတဲ့ အရေအတွက်တွေနဲ့ ပတ်သက်လို့ ခိုင်သုခက ပြောဆိုခြင်း မရှိသလို စစ်ရေးနဲ့ပတ်သက်ပြီး အေအေအဖွဲ့က ထိန်းသိမ်းထားသူ အရေအတွက်နဲ့ ပတ်သက်လို့လည်း ထုတ်ပြောတာမရှိပါဘူး။

ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးခံနေရသူတွေ၊ ရက္ခိုင့်တပ်တော်(AA) ဆက်စပ်နေတယ်ဆိုတဲ့ သံသယနဲ့ဖမ်းဆီး ထားသူတွေပြန်လွှတ်ပေးမယ်ဆိုရင် အေအေအဖွဲ့က ထိန်းသိမ်းထားတဲ့ သုံ့ပန်းတွေကိုပါ ပြန်လွှတ်ပေးမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာ ၁၁ ရက်နေ့က ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ လက်ခံစဉ်းစားမှာ မဟုတ်ဘူးလို့ အစိုးရနဲ့တပ်မတော် ပြောခွင့်ရသူတွေက တုံ့ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော်(AA)က အခုဒုတိယအကြိမ် ပြောဆိုလာတဲ့ကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ကျွန်တော်ကတော့ အဲဒီဟာကို ဘာမှတော့ မှတ်ချက်မပေးလိုဘူးဗျ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကျွန်တော်တို့ကကျတော့ နယ်မြေရှင်းလင်းရေးလုပ်တဲ့တပ်တွေဆိုတော့ ကျွန်တော်တို့ကတော့ အမိန့်အတိုင်းပဲလုပ်မှာ”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထားကိုသိနိုင်ဖို့ အစိုးရအဖွဲ့ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကို RFA ကမေးမြန်းခဲ့ပါတယ်။

အဲဒီကိစ္စတွေကျတော့ ဝန်ကြီးချုပ်ကပဲ ပြောလို့ရမယ်။ ကျွန်တော်ကပြောလို့မရဘူး

အဲဒါတော့ ကျွန်တော်ပြောလို့မရဘူးထင်တယ်နော။ အဲဒီကိစ္စတွေကျတော့ ဝန်ကြီးချုပ်ကပဲ ပြောလို့ရမယ်။ ကျွန်တော်ကပြောလို့မရဘူး။ အဲဒါကို ကျွန်တော်ပြောလို့ အဆင်မပြေဘူး။ ဝန်ကြီးချုပ်ကို တိုက်ရိုက်မေးတာကပဲ ပိုကောင်းလိမ့်မယ်ထင်တယ်”

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို ဆက်လက်မေးမြန်းခဲ့ရာမှာတော့ -

အော် ဟုတ်ကဲ့ အဘက အစည်းအဝေးလုပ်နေလို့ပါလေ ဝန်ကြီးတွေနဲ့။ အစည်းအဝေးပြီးမယ့် အချိန်ကိုလည်းမသိဘူးဗျ။ ဘယ်အချိန်လောက်ပြီးမယ်ဆိုတာ”

ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်တွေအရ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ဖမ်းဆီးထားသူ ၃၀ ကျော်လောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ AA အဖွဲ့ရဲ့ ကြေညာချက်မှာ အေအေအဖွဲ့ကထိန်းသိမ်းထားသူတွေ ဟာ ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ တပ်မတော်သား ခြောက်ဦး၊ အကျဉ်းဦးစီးဝန်ထမ်း တစ်ဦး၊ တပ်အင်ဂျင်နီယာ တစ်ဦး စုစုပေါင်း ၁၇ ဦးလို့ပါရှိပါတယ်။

အလားတူ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝရွာ အနောက်ဘက်မှာ တပ်မတော်ဘက်က ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင် ၁၃ ဦးဟာ လက်နက်ချအညံ့ခံလာလို့ ထိန်းသိမ်းထားကြောင်း အေအေအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်ဟာ လွန်ခဲတဲ့ ၂၀၁၇ ခုနှစ်က အဖြစ်အပျက်တွေဆိုပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အဲဒီအချိန်က ငြင်းဆိုခဲ့ပါတယ်။

ရက္ခိုင့်တပ်တော်(AA)က အဲဒီတပ်မတော်သား ၁၃ ဦးရဲ့ဓာတ်ပုံကို ဒီနေ့ ထပ်မံထုတ်ပြန်ခဲ့ရာမှာတော့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီကိစ္စဟုတ်မဟုတ်ကို စီစစ်နေတဲ့အကြောင်း RFA ကို ဒီနေ့ညနေမှာ တုံ့ပြန်ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ အေအေအဖွဲ့ကပြောဆိုတဲ့ သုံ့ပန်းလဲလှယ်ရေး ပြောဆိုချက်ဟာ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ဆွေးနွေးမှ လက်တွေ့ကျနိုင်မယ်လို့ သုံးသပ်ပါတယ်။

လက်တွေ့ကျနိုင်တာတစ်ခုတော့ရှိတယ်။ အဲဒါက စားပွဲဝိုင်းဆွေးနွေးပွဲမှာ ဆွေးနွေးလို့ အဆင်ပြေကြ တယ်ဆိုလို့ရှိရင်တော့ နှစ်ဦးနှစ်ဘက် ဖြေလျှော့ပြီးတော့ လွှတ်ပေးတာမျိုးဖြစ်နိုင်ပါတယ်။ အစိုးရဘက် ကဖမ်းဆီးထားတာတွေကိုလည်းပဲ တရားစွဲဆိုတာတွေကို ရုပ်သိမ်းတာတို့၊ ပြစ်ဒဏ်လျှော့ပေါ့ပြီး လွှတ်ပေးတာတို့ လုပ်လို့ရတာပဲလေနော်။ ဒါပေမဲ့ အဲဒီဟာတွေလက်တွေ့ဖြစ်လာဖို့ ဆွေးနွေးပွဲ စကားဝိုင်းတွေမှာ ဆွေးနွေးပြီး သဘောတူညီချက်ရလာပြီးမှ ဖြစ်လာနိုင်မယ့် ကိစ္စမျိုးပါ။ ဆွေးနွေးပွဲ စကားဝိုင်းပေါ်မှာ သဘောတူညီချက်မရသေးဘဲနဲ့တော့ ဒီလိုကိစ္စမျိုးက ဖြစ်လာနိုင်စရာအကြောင်း မရှိပါဘူး”

ရက္ခိုင့်တပ်တော်(AA)ကတော့ သူတို့ဖမ်းဆီးထားတဲ့ သုံ့ပန်းတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျ ထိန်းသိမ်းထားမှာဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း အေအေအဖွဲ့နဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံရသူ အရေအတွက်ဟာ အခုလက်ရှိအချိန် အထိ လူဦးရေ ၁၀၀ ထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ အေအေအဖွဲ့နဲ့ဆက်နွယ်ပြီး ဖမ်းဆီးအရေးယူခဲ့သူ အရေအတွက် နဲ့ပတ်သက်လို့ အခုလက်ရှိအထိ နောက်ဆက်တွဲအခြေအနေတွေကို ထုတ်ပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။