မြန်မာနိုင်ငံအတွက် အကောင်းဆုံးနည်းလမ်း ရှာဖွေနေကြောင်း အမေရိကန်ပြော
2010.08.25

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင်ဖွဲ့ ဆောင်ရွက်ရေးမှာ အမေရိကန်အနေနဲ့ ဘယ်လို ဆောင်ရွက်မယ်ဆိုတာနဲ့ ပတ်သက်ပြီး သတင်းထောက်တဦးက မေးမြန်းတာကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ခုလို ဖြေဆိုခဲ့တာပါ။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့သင့်တယ်ဆိုတာ အမေရိကန် ပြည်ထောင်စုအနေနဲ့ ယုံကြည်လက်ခံကြောင်း၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ စနစ်တကျ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရှိဖို့အချက်ကို အမေရိကန် ပြည်ထောင်စုအနေနဲ့ ယုံကြည်ကြောင်း၊ ဒီအတွက်လည်း အကောင်းဆုံး နည်းလမ်းတွေကို အမေရိကန် အစိုးရအနေနဲ့ လေ့လာနေပါတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Philip Crowley က မနေ့က သတင်းထောက်တွေကို ပြောသွားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အမေရိကန်အစိုးရက ထောက်ခံကြောင်း သမ္မတအိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂက ဦးစီးပြီး မြန်မာနိုင်ငံက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တာနားက ပြီးခဲ့တဲ့ မတ်လမှာ လူ့အခွင့်အရေးကောင်စီကို အဆိုပြု တင်သွင်းခဲ့တာပါ။
ဒီ အဆိုကို အမေရိကန် ပြည်ထောင်စု အပါအဝင် ဗြိတိန်၊ သြစတြေးလျ၊ ချက် ပြည်သူ့ သမ္မတနိုင်ငံနဲ့ စလိုဗက်ကီးယား စတဲ့ ငါးနိုင်ငံက ထောက်ခံထားပါတယ်။