အကျဉ်းကျများ လွှတ်ပေးတော့မယ်လို့ ထောင်အာဏာပိုင်တွေပြော
2010.08.23
သပိတ်အိုင်ဆရာတော် ဦးဉာဏိဿရ ဟာ သြဂုတ်လ ၂၁ ရက်၊ စနေနေ့က အင်းစိန်ထောင်တွင်းက အကျဉ်းသား ၉ ထောင့် ၇ ရာကျော်ကို တရား ဟောကြားခဲ့ပါတယ်။ ဒါ့အပြင် အကျဉ်းသားတွေကို လွှတ်ပေးဖို့ အစီအစဉ်ရှိကြောင်း ထောင်အာဏာပိုင်တွေက ဆရာတော်ကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်တယ်လို့ ဆရာတော် ဦးဉာဏိဿရက မိန့်ပါတယ်။
“လွတ်ဖို့အစီအစဉ် ရှိတယ်လို့ ပြောတယ်။ လျှော့ရက်တွေ အများကြီး ရနိုင်တယ်ဆိုတာ ငါက ဟောတယ်။ တရားပွဲပြီးတော့ ငါက ထောင်က အရာရှိကြီးတွေကို မေးတယ်။ ခင်ဗျားတို့ လျှော့ရက်ကလေး ဘာလေး ပေးပြီးတော့ ထောင်သားတွေ လွှတ်လိုက်ရင်ကောင်းမှာ ဆိုတော့ လွှတ်ဖို့ အစီအစဉ် ရှိတယ်တဲ့၊ တရားပွဲပြီးရင် တပည့်တော်က သူတို့ကို သက်တောင့်သက်တာနဲ့ လွှတ်မယ့် ပုဂ္ဂိုလ်တွေ အများကြီး အခု ရွေးနေပြီတဲ့”
အကျဉ်းသား အရေအတွက် ဘယ်လောက် လွှတ်ပေးမယ်၊ ဘယ်တော့ လွှတ်ပေးမယ်၊ နိုင်ငံရေး အကျဉ်းသား ဘယ်လောက်ပါမယ် စတဲ့ အသေးစိတ်တွေကိုတော့ အင်းစိန်ထောင် ညွှန်ကြားရေးမှူးက ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ဆရာတော်က မိန့်ပါတယ်။ အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဖို့ကိုလည်း ထောင်အာဏာပိုင်တွေကို အလေးထာ းမှာကြားခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။
သီတဂူ ဆရာတော် အရှင် ဒေါက်တာ ဉာဏိဿရဟာ အမေရိကန် အပါအဝင် ကမ္ဘာတလွှားမှာ သာသနာပြု လုပ်ငန်းတွေကို ကြိုးပမ်း ဆောင်ရွက်နေတဲ့အပြင် မြန်မာနိုင်ငံ တဝှမ်းမှာ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ လူမှုရေး ပရဟိတ လုပ်ငန်းတွေ အမြောက်အမြား လုပ်ဆောင်နေပါတယ်။ အခု အင်းစိန်ထောင်က အကျဉ်းသားတွေကို တရားချီးမြှင့်ပြီးတဲ့နောက် နေ့လည်စာနဲ့ညစာ ထမင်း (၂) နပ် ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။
“နေ့လည်စာ ဒံပေါက်ထမင်း ကျွေးတယ်။ ညစာကျတော့ ကြက်သားကြော်နဲ့ ထမင်းကျွေးတယ်။ ငါးပိကြော်၊ ငါးခြောက်ကြော်၊ သရက်သီးသနပ်၊ ပဲခြမ်းကြော် ဘာညာ စားစရာအားလုံး၊ ပန်းသီးတွေ သရက်သီးတွေ။ ထောင်က အကုန်လုံး ဝိုင်းလုပ်ပေးတယ်”
ဆရာတော်ဟာ အင်းစိန်ထောင်အတွင်း အကျဉ်းသားတွေကို ကျွေးမွေးတာ၊ တရားဟောတာ အခုအကြိမ်နဲ့ပါ ဆိုရင် (၄) ကြိမ် ရှိသွားပြီလို့ သိရပါတယ်။
သီတဂူ ဆရာတော် အရှင် ဒေါက်တာ ဉာဏိဿရကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် လျှောက်ထားမေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
![]() |
လ္တေွာက်ထားမေးူမန်းခဵက်။ |
![]() |
အသံဖိုင်ယူရန်။ |