ဆရာကြီးဦးဝင်းတင် ဆေးရုံတင်ရ
2010.09.12

ဦးဝင်းတင်ဟာ မနေ့က ချောင်းဆိုးပြီး အသက်ရှုကြပ်တဲ့ ဝေဒနာ ခံစားနေရတဲ့အတွက် ဆေးခန်းသွားပြရာက ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ဒီကနေ့ ဆေးရုံတက် ကုသမှု ခံယူနေတာဖြစ်ကြောင်း မိသားစုဝင်တဦးက RFA ကို ပြောပါတယ်။
“ချောင်းတွေ အရမ်းဆိုးပြီး အသက်ရှူလို့ သိပ်မကောင်းလို့ မနေ့က ဆေးခန်းသွားပြတာပါ။ ဆရာဝန်က ဆေးပေးဖို့ရာ ဘဘကလည်း နှလုံးခွဲထားတယ် ဆိုတော့ ဆေးအရမ်း မပေးရဲဘူးဆိုပြီး ဆရာဝန်မကြီး ဒေါ်ချိုလေးမာနဲ့ပဲ ပြန်ပြပါဆိုလို့ ဒီနေ့ ချိန်းပြီးပြတော့ စစ်ဆေးပြီးတော့ ဆရာဝန်မကြီးက အနားယူရင်းနဲ့ ဆေးရုံတက်လိုက်ပါတဲ့။ လေပြွန်ကလည်း နည်းနည်း ယောင်နေတယ်၊ အဆုတ်ကလည်း နည်းနည်း ပွချင်တယ်တဲ့။ အဲဒီတော့ အခုလောလောဆယ်တော့ ICU ထဲမှာ တရက်နှစ်ရက် စောင့်ကြည့်မယ်ပေါ့။ ကောင်းရင်တော့လည်း နက်ဖြန်လောက်ဖြစ်ဖြစ် ရိုးရိုးအဆောင်ထဲပြောင်းပြီး ဆေးရုံမှာ နှစ်ရက်သုံးရက်လောက် နားပါတဲ့”
ဦးဝင်းတင်ဟာ အာရှတော်ဝင်ဆေးရုံက ICU အခန်းနံပါတ် (၃) မှာ အခု ဆေးကုသမှု ခံယူနေပါတယ်။ အသက်ရှုရ လွယ်ကူအောင် အောက်စီဂျင်ပိုက် တပ်ပေးထားတယ်လို့ သိရပါတယ်။
ဒီကနေ့ နေ့ခင်းက လူမမာ သတင်းလာမေးသူတွေ များပြားတဲ့အတွက် လက်ခံစကားပြောရတာ များတာကြောင့် မောဟိုက် ပင်ပန်းနေလို့ ဆေးရုံက ဧည့်သည်တွေ့ခွင့် ကန့်သတ်ထားတယ်လို့ သိရပါတယ်၊၊