ရှစ်လေးလုံး အခမ်းအနား အမေရိကန်ပြည်ထောင်စုတွင် ကျင်းပ

၂၄ နှစ်မြောက် ရှစ်လေးလုံး လူထုအုံကြွမှု အထိမ်းအမှတ် အခမ်းအနားတွေကို အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့နဲ့ အနောက်အလယ်ပိုင်းမှာရှိတဲ့ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့တို့မှာ မနေ့က ကျင်းပပါတယ်။

2012.08.08

ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအရေးတော်ပုံကြီးမှာ ပါဝင်တဲ့ တစ်နိုင်ငံလုံးက မြန်မာပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆန်ဖရန်စ္စကိုမြို့နားက ဘတ်ကလေမြို့မှာ Burma Day မြန်မာနိုင်ငံနေ့ အခမ်းအနားကို မနက် ၈ နာရီ ၈ မိနစ်မှာ ကျင်းပတယ်လို့ ဘာ့ဒါ့ (BADA) မြန်မာ-အမေရိကန် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့က ဦးညွန့်သန်းက ပြောကြားပါတယ်။

"ရှစ်လေးလုံး အထိမ်းအမှတ်နဲ့ ဗမာပြည်နေ့လို့ သတ်မှတ်ပြီးတော့ ဘတ်ကလေမြို့မှာ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံတော်အလံနဲ့ ခွပ်ဒေါင်းအလံကို လွှင့်ထူမယ်လေ။ မနက် ၈ နာရီနဲ့ ၈ မိနစ်မှာ မြန်မာနိုင်ငံတော်အလံနဲ့ ခွပ်ဒေါင်းအလံ လွှင့်တင်ပြီးတော့ ရှစ်လေးလုံး အထိမ်းအမှတ်ပွဲကို ကျင်းပတယ်။ ပြီးတဲ့ နောက်ပိုင်းမှာလည်း ဆရာတော်တွေအားလုံးကို ဆွမ်းကပ်ပြီးတော့ အမျှပေးဝေလိုက်ပါတယ်"

အခမ်းအနားကို မြန်မာနိုင်ငံကနေ Oakland မြို့ကို ခေတ္တကြွရောက်လာတဲ့ ရွှေညဝါဆရာတော်လည်း တက်ရောက်ပြီး ဘတ်ကလေမြို့က Peace and Justice Commission ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး ကော်မရှင်အဖွဲ့ဝင်တွေ၊ ဆန်ဖရန်စ္စကို တဝိုက်က မြန်မာ့အရေး စိတ်ဝင်စားသူတွေနဲ့ မြန်မာတွေ တက်ရောက်ပါတယ်။

အဲဒီနောက် ဘတ်ကလေမြို့နဲ့ တဆက်တည်းရှိနေတဲ့ Oakland မြို့က လူထုရိပ်သာတစ်ခုမှာ ရှစ်လေးလုံးနေ့ ဆွမ်းကပ်အလှူဒါန လုပ်တယ်လို့ ပြောပါတယ်။

ဖို့ဝိန်းမြို့ ပအို့ဝ်ဝိဟာရ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှာ ရှစ်လေးလုံး အထိမ်းအမှတ် စုပေါင်းဆွမ်းကပ် လှူဒါန်းပွဲနဲ့ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပတယ်လို့ ပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ ဦးအောင်မြင့်ထွန်းက ပြောကြားပါတယ်။

"၁၁ နာရီမှာ စုပေါင်းပြီး ဆွမ်းတွေကပ်တယ်။ ၁ နာရီမှာ ကျွန်တော်တို့ တရားနာတယ်။ ၁ နာရီခွဲလောက်မှာ ကျွန်တော်တို့ အခမ်းအနားကို စတာပေါ့နော်။ တက်ရောက်လာတဲ့ လူတွေကလည်း စကားပြောကြတယ်ပေါ့။ ဒီရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေး ကော်မတီကနေပြီး စုပေါင်းပြီး လုပ်ကြတာပါ"

ဒီအခမ်းအနားမှာ ရွှေညဝါဆရာတော် တက်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး RFA ဒေါ်စန်းစန်းတင်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။

တင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။