၈၈ အဖွဲ့ ဗြိတိန် လွှတ်တော်ဥက္ကဌနဲ့ ဆွေးနွေး
2013.06.20

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့အဖွဲ့ဟာ မနေ့က ဇွန်လ ၁၉ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲက တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးနဲ ရဲဘက်စခန်းတွေက အခြေအနေတွေ ဆွေးနွေးခဲ့တယ် လို့ ကိုမင်းကိုနိုင်ကပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတိုင်း လူ့အခွင့်အရေး အပြည့်အဝရရှိရေးအတွက် လူတစ်ယောက် ရသင့်ရထိုက်၊ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်သိက္ခာကို အပြည့်အဝရဖို့ လုပ်ဆောင်သင့်တဲ့ လိုအပ်ချက်တွေကို ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အနေနဲ့ လိုအပ်သလို အကူအညီပေးမယ့်အကြောင်း ပြန် လည်ပြောဆိုတယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ ဗြိတိသျှလွှတ်တော်ကို သွားရောက်လေ့လာခဲ့ကြပြီး၊ အောက်လွှတ်တော်ဥက္ကဌ ဂျွန်ဘာကိုး John Bercow နဲ့ လက်ရှိမြန်မာ့နိုင်ငံရေးတွေ ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ဒီမိုကရေစီနည်းလမ်းကျတဲ့ လွှတ်တော်တစ်ခုရဲ့ အင်္ဂါရပ်တွေ လုပ်ထုံးလုပ်နည်းတွေနဲ့ လွှတ်တော်အတွင်းမှာ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးအောင် ဆောင်ရွက်နေကြပုံတွေကို လေ့လာခွင့်ရခဲ့ကြတယ်လို့ ၈၈ အဖွဲ့ဝင်တွေက ပြောပါတယ်။
သူတို့ဟာ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့ပုံတွေကိုလဲ သွားရောက်လေ့လာဦးမှာ ဖြစ်ပါတယ်။ အခုဗြိတိန်နိုင်ငံကို သွားရောက်လေ့လာနေတဲ့အဖွဲ့မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုမြအေး၊ ကိုမာကီး၊ မနီလာသိန်းနဲ့ မမီးမီးတို့ ပါဝင်ပါတယ်။
RFA မအေးနှင်းညိုနဲ့ ကိုမင်းကိုနိုင် တွေ့ဆုံမေးမြန်းခန်း
RFA ကိုနေရိန်ကျော်နဲ့ ကိုဌေးကြွယ် ဆက်သွယ်မေးမြန်းခန်း