ဖက်ဒရယ်စနစ်အတွက် အခြေခံဥပဒေပြင်ဖို့ လိုအပ်ကြောင်း ကိုမင်းကိုနိုင်ပြော


2014.05.28
88-hpaan-305.jpg ကရင်ပြည်နယ် ဘားအံမြို့နယ် ကန်သာဦးခန်းမမှာ မေလ ၂၈ ရက်နေ့က ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ရေးထိုးပွဲ နဲ့ ဟောပြောပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ နန်းခင်ထွေးမြင့်တို့ လက်မှတ်ရေးထိုးစဉ်
Photo: Kyaw Lwin Oo/RFA

တိုင်းရင်းသားတွေအားလုံး တောင်းဆိုနေတဲ့ တန်းတူအခွင့်အရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ ပြောပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့နယ် ကန်သာဦးခန်းမမှာ ဒီနေ့ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ကိုမင်းကိုနိုင်က အခုလိုပြောခဲ့ တာပါ။

"ကျနော်တို့ ပြည်တွင်းစစ်ရပ်စဲဖို့ ပြောပြီဆိုတဲ့အခါမှာ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ လိုလာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု ရဖို့အတွက်ကတော့ ဖွဲ့စည်းပုံက အာမခံချက်ရှိဖို့လိုတယ်၊ ဒါကြောင့် ကျနော်တို့ ဖွဲ့စည်းပုံဟာ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက် ပြည်တွင်း စစ်တွေ ချုပ်ငြိမ်းဖို့အတွက် ဖွဲ့စည်းပုံပြင်ရတော့မယ်၊ အဲဒီဖွဲ့စည်းပုံဟာ ဖက်ဒရယ်ပြည်ထောင်စုအတွက် အာမခံချက်ရှိရမယ်၊ ဒီမိုကရက်ဆိုတဲ့ ဒီမိုကရေစီလည်း အာမခံချက်ရှိရမယ်၊ ဒါကြောင့် တိုင်းရင်းသားတွေဖြစ်ချင်တဲ့ တန်းတူညီမျှရေးဟာ ဖွဲ့စည်းပုံထဲမှာ အခိုင်အမာပြ ဌာန်းမှဖြစ်မယ်၊ ဥပဒေကြောင်းအရ ခိုင်မာဖို့လိုအပ်တယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှေ့နေ ဦးအောင်သိန်းနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်တို့က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ တာဖြစ်ပါတယ်။

ဒီနေ့ ဘားအံမြို့က ဟောပြောပွဲကို ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က ဒေသခံပြည်သူ တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီနေ့ ဟောပြောပွဲကျင်းပရာခန်းမမှာ ပုဒ်မ ၄၃၆ မပြင်ဆင်ဖို့အတွက် လက်ကမ်းစာစောင်တွေ လိုက်လံဝေငှခဲ့သူတချို့လည်း ရှိခဲ့ပါတယ်။

ဒီနေ့ ဘားအံမြို့က ဟောပြောချက်တွေကို RFA သတင်းထောက် မရတနာဦးက ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။