၈၈ မျိုးဆက်နဲ့ OMI အဖွဲ့တို့ လွှတ်တော် ဥက္ကဌများနဲ့ တွေ့ဆုံ
2014.01.27

၈၈ မျိုးဆက် ငြိမ်းချမ်ရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုကိုကြီးနဲ့အတူ OMI ပွင့်လင်း မြန်မာ့ရှေ့ဆောင် သုတေသန လူငယ်အဖွဲ့ တို့ဟာ ဒီကနေ့ နေ့လည်က အမျိုးသားလွှတ်တော် ဥက္ကှဌ ဦးခင်အောင်မြင့် အပါအဝင် အမျိုးသား လွှတ်တော် ဥပဒေရေးရာ ကော်မတီအဖွဲ့နဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။
လွှတ်တော်တွင်းက မေးခွန်းတွေ၊ အဆိုတွေ၊ ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ သုတေသန လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ဖို့အတွက် လွှတ်တော်နှစ်ရပ်က ပံ့ပိုးနိုင်ဖို့နဲ့ လိုအပ်တဲ့ တွေ့ဆုံမေးမြန်းမှုတွေလုပ်နိုင်ဖို့ လွှတ်တော်နှစ်ရပ်က ဥက္ကဌတွေနဲ့ လွှတ်တော်ရေးရာ ကော်မတီတွေကို လာရောက်တွေ့ဆုံတာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးက သတင်းထောက်တွေကို ပြောပါတယ်။
“လွှတ်တော်ရဲ့ ဆောင်ရွက်မှုတွေကို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်အတွင်း ဒီမေးခွန်းတွေ နောက်ပြီးတော့ အဆိုပြုချက်တွေ ဆွေးနွေးချက်တွေ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဒါကိုသုတေသန လုပ်ငန်းပေါ့လေ၊ အဲဒါနဲ့ပတ်သက်လို့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တွေနဲ့ ဆွေးနွေးပြီးတော့ သူတို့ဆီက အချက်အလက်တွေ ပံ့ပိုးနိုင်ဖို့ ကျနော်တို့ လိုအပ်တဲ့တွေ့ဆုံမေးမြန်းမှုတွေလုပ်နိုင်ဖို့ အဲဒါလေးတွေ လာပြီးတော့ဆွေးနွေးတာပါ၊ ကျနော့်ဆီက သုတေသနလူငယ်တွေ အထူးသဖြင့်တော့ လူငယ်တွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုကို အကောင်အထည်ဖော်လာစေချင်လို့ ကျနော်ကလိုက်ပံ့ပိုးတာပါ”
၈၈ မျိုးဆက်ကျောင်းသား ဦးကိုကိုကြီးနဲ့ OMI ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့တို့ လာရောက်တွေ့ဆုံတာဟာ ၈၈ မျိုးဆက်အဖွဲ့အနေနဲ့ လာရောက်တွေ့ဆုံတာမဟုတ်ဘဲ OMI ပွင့်လင်းမြန်မာ့ရှေ့ဆောင် အဖွဲ့ လူငယ်တွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အကောင်အထည် ပေါ်လာစေချင်တဲ့သဘောနဲ့ ပံ့ပိုးကူညီတာဖြစ်တယ်လို့ ၈၈ ကျောင်းသား ဦးကိုကိုကြီးက ပြောပါတယ်။
၈၈ ကျောင်းသား ဦးကိုကိုကြီးနဲ့အတူ OMI ပွင့်လင်းမြန်မာ့ရှေ့ဆောင် သုတေသန လူငယ်အဖွဲ့ ၄ ဦး တို့ဟာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော ်ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာကော်မတီ အဖွဲ့ဝင်တွေနဲ့လည်း ဆက်လက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။