ဒဏ်ရာရ သံဃာတော်တွေကို ၈၈မျိုးဆက်ကျောင်းသားတွေ သွားရောက်ကြည့်ရှု
2012.12.01

မုံရွာမြို့ကိုရောက်ရှိနေတဲ့ ရွှေညဝါဆရာတော်နဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မီးလောင်ဒဏ်ရာရရှိနေတဲ့ သံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေကို သင်္ကန်းနဲ့ငွေကြေးများ လှူဒါန်းခဲ့သလို အစိုးရအနေနဲ့ သံဃာတော်တွေကို လေးလေးနက်နက် တောင်းပန်းဖို့လိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒီအတောအတွင်း မုံရွာမြို့ရဲတပ်ဖွဲ့ရုံးကလည်း သံဃာတွေကို ဝန်ချတောင်းပန်ပွဲတစ်ရပ် မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းမှာရှိတဲ့ တင်ဝင်းထွန်းဓမ္မာရုံမှာ ဒီကနေ့ညနေပိုင်းက ပြုလုပ်ခဲ့ပေမယ့် အကြမ်းဖက်ခံခဲ့ရတဲ့ သံဃာတော်တွေနဲ့ ဒဏ်ရာရသံဃာတော်တွေမပါဝင်ပဲ သံဃာ ၁ဝပါးသာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးအကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို အားပေးကူညီဖိုနဲ့ အလှူငွေပေးအပ်ဖို့အပြင် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် ဒေသခံတွေနဲ့တွေ့ဆုံပြီး အချက်အလက်တွေ စုဆောင်သွားဖို့ မုံရွာမြို့ကို ရောက်ရှိနေတာဖြစ်ပြီး ဒီခရီးစဉ်မှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုမြအေး၊ စမ်းချောင်း ကိုကိုကြီး၊ ကိုထွန်းမြင့်အောင်၊ မနီလာသိန်း၊ မမီးမီးစတဲ့ ကျောင်းသားခေါင်းဆောင် ၂ဝလိုက်ပါခဲ့ကြပါတယ်။ မနက်ဖြန်မှာ လက်ပန်းတောင်းတောင်ကို သွားရောက်ပြီးဒေသခံတွေနဲ့ တွေဆုံမယ်လို့သိရပါတယ်။
အစိုးရလုံခြုံရေးတပ်ဖွဲ့တွေဟာ တရုတ်နိုင်ငံ ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ သပိတ်စခန်းဖွင့်ဆန္ဒပြနေတဲ့ သံဃာတော်တွေကို နိုဝင်ဘာလ ၂၉ရက် မနက် ၃နာရီက မီးလောင်ဗုံးတွေအသုံးပြုပြီး အကြမ်းဖက် ဖြိုခွင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တဆက်ထဲမှာလည်း မုံရွာခရီးမထွက်ခင် မနေ့ညပိုင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |