ကရင်ပြည်နယ်မှာ ဒီကေဘီအေနဲ့ ဆက်သွယ်သူနှစ်ဦး ထောင်ချခံရ


2015.11.25

မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)နဲ့ ဖမ်းဆီးခံထားရတဲ့ ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံး ဥက္ကဌ ဦးစောမောင်ကြီးနဲ့ DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်က တပ်သားတစ်ဦးကို ကရင်ပြည်နယ် ဘားအံမြို့နယ်တရားရုံးက ထောင်ဒဏ်၂ နှစ်စီ ကျခံဖို့ ဒီနေ့ အမိန့်ချလိုက်ပါတယ်။

DKBA အဖွဲ့ကနေ ထွက်ပြေးလာတဲ့ တပ်သား စောအယ်စေးကို ဘားအံမြို့က ၈၈ ကရင်မျိုးဆက် ကျောင်းသား အစည်းအရုံး ရုံးခန်းမှာ လက်ခံထားတာကြောင့် အခုလို ပြစ်ဒဏ်ချခံရတာဖြစ်တယ်လို့ ဦးစောမောင်ကြီး ရဲ့ဇနီး ဒေါ်နန်းမြရီက ပြောပါတယ်။

"မတရားအသင်း ဆက်သွယ်မှုနဲ့ ထောင်ဒဏ်နှစ်နှစ် ချလိုက်ပါတယ်၊ နှစ်ယောက်ပါ၊ ဗိုလ်မှူ စောဆန်းအောင် တို့အဖွဲ့က စောအယ်စေး တစ်ယောက်၊ ဆက်သွယ်တာတော့ မရှိပါဘူး၊ ဗိုလ်မှူးဆန်းအောင်းတို့ဖွဲ့က ကလေး တစ်ယောက်က ကျမတို့ရုံးမှာ ရောက်နေတော့ ကျမတို့က နှစ်ရက် သုံးရက်လက်ခံမိတယ်လေ၊ အဲ့ကလေးက တိုက်ပွဲဖြစ်လို့ ကြောက်လန့်ပြီးတော့ ပြေးလာတယ်လို့တော့ပြောတယ်၊ ကျမတို့ရုံးမှာရောက်လာတော့ သူက DKBA အဖွဲ့ကလို့လည်း မပြောပါဘူး၊ ဒုက္ခရောက်နေတဲ့သူကို ကျမတို့က ကူညီလက်ခံတာပဲဖြစ်ပါတယ်၊ အဲ့ဒါ ဒီကလေးကို လက်ခံတဲ့အမှုနဲ့ပါ"

ဦးစောမောင်ကြီးနဲ့ တပ်သား စောအယ်စေးတို့ကို ပြီးခဲ့တဲ့ သြဂုတ်လက ဘားအံမြို့မ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး အာမခံမပေးဘဲ တောင်ကလေးအကျဉ်းထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

ဦးစောမောင်ကြီးဟာ အရင်က ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူမှာ ပါဝင်ခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂ဝဝ၆ ခုနှစ်မှာ အဖွဲ့ကနေ နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။