၈၈ မျိုးဆက်ကျောင်းသား ၁၉ ဦး နိုင်ငံကူး လက်မှတ်ရရှိ

၂၀၁၂ မတ်လအတွင်းက လျှောက်ထားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ၁၉ ဦးရဲ့ နိုင်ငံကူးလက်မှတ်တွေ ဒီကနေ့ ရရှိပြီလို့ သိရပါတယ်။ ဒီကနေ့ နေ့လည်မှာ နိုင်ငံကူး လက်မှတ်ရုံးက ကိုမြအေးဆီ ဖုန်းဆက်ပြီး နိုင်ငံကူး လက်မှတ်တွေ ရရှိပြီဖြစ်ကြောင်း အကြောင်းကြားလာတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား တစ်ဦးဖြစ်တဲ့ ကိုစိုးထွန်းက RFA ကိုပြောပါတယ်။

2012.09.19
88-gs-swedish-ambassdor-091912-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းတွင် ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုစိုးထွန်းတို့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ် Mr.Klas Molin နှင့် ကောင်စစ်ဝန် Mrs. lisbeth hellvin stalgren တို့တွေ့ဆုံနေစဉ်။
Photo courtesy of 88 Generation Students

"ဒီနေ့ ပတ်စ်ပို့ ရုံးကနေ လှမ်းအကြောင်းကြားတာပါ။ ရဲမှူးကြီး စိုးထွန်းအောင်နဲ့ တွေ့လိုက်ပါဆိုပြီးတော့ သတင်းတပ်ဖွဲ့မှူး ကိုဝင်းနိုင်ထွန်းကနေ ကိုမြအေးကို လှမ်းအကြောင်းကြားတယ်။ အဲတာကြောင့် ကျွန်တော်တို့ ရဲမှူးကြီး စိုးထွန်းအောင်နဲ့ သွားတွေ့တာပေါ့နော်"

အခုလို ပထမအသုတ်အနေနဲ့ ၈၈ မျိုးဆက်ကျောင်းသား ၁၉ ဦးကို နိုင်ငံကူးလက်မှတ် ချပေးလိုက်တဲ့အပေါ် ဝမ်းသာကြိုဆိုကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက RFA ကို ပြောပါတယ်။

"ပုံမှန် နိုင်ငံသားတစ်ယောက်ကို ၂၁ ရက်အတွင်းမှာ နိုင်ငံကူးလက်မှတ် ရစေရမယ်လို့ တိုင်းသိပြည်သိ ကြေညာထားပြီးတော့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အထူးသဖြင့် ကျောင်းသား လူငယ်တွေ နိုင်ငံကူးလက်မှတ် ပိတ်ခံထားရတယ်ဆိုတာက ဒါဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စလေ။ အဲတော့ ကျွန်တော်တို့ ပထမတစ်သုတ် တင်လိုက်တာ အယောက် ၂၀ နီးပါးကျလာတယ်လို့ ကြားရတော့ ဘာပဲပြောပြော ကျွန်တော်တို့ ဝမ်းသာပါတယ်။ ကျွန်တော်တို့ မင်းကိုနိုင်တို့က စပြီးတော့ သူတို့တွေပါ ဒီနိုင်ငံကူလက်မှတ်ရပြီ ဆိုတဲ့ အချိန်မှာ ကျန်တဲ့အငယ်တွေ ဥပမာ ကျောင်းသွားတက်ချင်တာ ရှိမယ်။ လေ့လာရေး သွားချင်တာ ရှိမယ်။ အဲဒီလူတွေရဲ့ ဗဟုသုတ ရှာဖွေ ဆည်းပူးတဲ့မျိုးမှာ ဒါအပိတ်အပင် အဟန့်အတား တစ်ခု ဖြစ်မနေသင့်ဘူးပေါ့။ ပြည်ပက လူတွေတောင်မှ အခု လာလည်နေကြပြီ။ ပြန်သွားကြမယ်။ အဲဒီလောက် ဖြစ်နေတဲ့အချိန်မှာ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကိုလည်း တပြေးညီပေါ့။ ပုံစံတစ်ခု သတ်မှတ်ပြီးတော့ နိုင်ငံကူးလက်မှတ်နဲ့ ပတ်သက်တဲ့ဟာကို စီစဉ်ပေးသင့်တယ်လို့ မြင်တယ်"

ဒီကနေ့ နိုင်ငံကူးလက်မှတ်ရရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကတော့ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုစိုးထွန်း၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုထွန်းမြင့်အောင်၊ ကိုအံ့ဘွယ်ကျော်၊ ကိုဇော်သက်ထွေး၊ ကိုပြုံးချို၊ ကိုသက်ဇော်၊ ကိုလှမျိုးနောင်၊ ကိုရဲဝင်း၊ ကိုမျိုးမင်းထိုက်၊ ကိုမျိုးအောင်ထွေး၊ မမီးမီး ခေါ် မသင်းသင်းထွေး၊ မယဉ်ယဉ်ဝိုင်း၊ မသရဖီ သိန်းမြင့်ထွန်းတို့ ဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ၁၉ ဦးဟာ မတ်လအတွင်းက တပြိုင်နက်ထဲ နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ကိုကိုကြီး၊ ကိုမင်းကိုနိုင်နဲ့ ကိုမြအေးတို့ ၃ ဦး ကိုသာ နိုင်ငံကူး လက်မှတ် ချပေးခဲ့တဲ့အတွက် တပြေးညီ မရှိဘူးဆိုပြီး ကိုမင်းကိုနိုင်က NED အဖွဲ့ကပေးမယ့် ဆုလက်ခံယူဖို့ အမေရိကန် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။