၈၈ မျိုးဆက် မုံရွာဒေသခံပြည်သူများနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဆောက်လုပ်ရေး စီမံကိန်းတဝိုက်က အဓမ္မ ပြောင်းရွှေ့ခံရတဲ့ မုံရွာမြို့က အိမ်ခြေ (၇၀) ကျော်ရဲ့ နစ်နာဆုံးရှုံးမှုတွေကို အကူအညီပေးနိုင်ဖို့ ကိုထွန်းမြင့်အောင်၊ ကိုမျိုးသန့်စတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တွေက ဒေသခံပြည်သူတွေနဲ့ မုံရွာမြို့မှာ ဒီကနေ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

2012.08.30

တည်ဆောက်ဆဲ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အဆောက်အဦးသစ်ဟာ မုံရွာမြို့နယ် မြို့သစ် (ခေါ်) မြဝတီ အိုးဖိုတောင် ရပ်ကွက်မှာတည်ရှိပြီး ပြောင်းရွှေ့ခံရသူတွေအနေနဲ့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင် လယ်သမားအရေး ဆောင်ရွက်နေတဲ့ ကိုထွန်းမြင့်အောင်က RFA ကိုပြောပါတယ်။

"စစ်ကိုင်းတိုင်းဒေသကြီးက လွှတ်တော်တည်ဆောက်ဖို့အတွက် အသိမ်းခံရတဲ့ ပြည်သူတွေရဲ့ နစ်နာချက်တွေကို အမြန်ဆုံး ဒီရက်ပိုင်းအတွင်းမှာပဲ သူတို့ကျေနပ်တဲ့အထိ ပြေလည်အောင် ဖြေရှင်း ဆောင်ရွက်ပေးဖို့ လိုတယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ လုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေကို လုပ်ပေးဖို့၊ ဘာလဲ ဆိုတော့ အိမ်တွေပြောင်းပြီးတော့ အိမ်တွေက ကျကျနန ဆောက်လို့မရဘူး ဖြစ်နေတယ်။ နောက်တခါ ကလေးတွေ ကျောင်းသွားတာ ဝေးသွားတာရှိတယ်။ ဒီအခက်အခဲတွေ အားလုံး ပြေလည်အောင် ဖြေရှင်းပေးဖို့ အတွက်ကို လတ်တလောမှာ တိုင်းဒေသကြီးက သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ အကြောင်းကြားပါမယ်။ ကျွန်တော်တို့ လှမ်းပြောပါမယ်"

စစ်ကိုင်းတိုင်း အာဏာပိုင်တွေဟာ လွှတ်တော်အဆောက်အဦး အနီးပတ်ဝန်းကျင်က လယ်ယာမြေဧက ၄၀ ကို အခုနှစ်ဆန်းပိုင်းက သိမ်းယူရာမှာ အိမ်ခြေအဆောက်အဦး ၇၀ ကျော် ဖယ်ရှားခံခဲ့ရပါတယ်။

ဖယ်ရှားခံရသူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေ အတွက် အာဏာပိုင်တွေက ဆန်၊ သစ် စတာတွေ ထောက်ပံ့ပေးမယ်ဆိုပြီး မကြာခဏ လက်မှတ်ရေးထိုး ခိုင်းခဲ့တာတွေရှိပေမယ့် လောလောဆယ် အထိတော့ ဘာတစ်ခုမှ ပေးအပ်တာ မရှိသေးဘူးလို့ သိရပါတယ်။

ဒီအတောအတွင်း မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ လယ်ယာမြေသိမ်း တိုက်ပွဲဝင်နေတဲ့ တောင်သူလယ်သမား (၃၀၀) လောက်ဟာ ဆည်တဲကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာ စုဝေးပြီး လယ်သမား ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်တယ်လို့ လယ်သမားတစ်ယောက်က ပြောပါတယ်။

"ဒီနေ့မှာ လယ်ယာသိမ်းခံရတဲ့ ရွာတွေတော်တော်များများ ဆွေးနွေးပွဲထိုင်ကြတယ်။ ဦးပိုင်ကနေပြီးတော့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်ဆိုတဲ့ဟာကို ဒီနေ့ ဒီဒေသခံတွေကနေပြီးတော့ သူတို့သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့ကိစ္စကို ရှုတ်ချပါတယ်။ အားလုံးအသိပေးပြီးတော့ ဒီနေ့ ကော်မတီတရပ်ဖွဲ့လိုက်တယ်"

ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ-ဝမ်ပေါင် တရုတ်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတာဖြစ်ပြီး စီမံကိန်းတဝိုက်က ကျေးရွာ ၂၆ ရွာက လယ်မြေဧက ၇၈၀၀ ကျော်အဓမ္မ သိမ်းယူခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။