၈၈ မျိုးဆက် စာနယ်ဇင်း ရှင်းလင်းပွဲကျင်းပ

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဦးဆောင် ကျင်းပခဲ့တဲ့ စေတနာဝသန် ဂီတဖျော်ဖြေပွဲက ရရှိငွေတွေနဲ့ ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းပေါ်မှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ဒီကနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့ပါတယ်။

2012.09.08
88-gs-fund-press-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၈ ရက်က ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးခန်းတွင် ရန်ပုံငွေ ရရှိမှု၊ သုံးစွဲမှုနှင့် ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်နေစဉ်။
Photo: 88 Generation Students

မိမိတို့အဖွဲ့အနေနဲ့ ရန်ပုံငွေ ရရှိမှုနဲ့ သုံးစွဲမှုတွေကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်နေကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဒီကနေ့ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှာ တက်ရောက်လာတဲ့ သတင်းထောက်တွေကို ပြောပါတယ်။

"ရရှိငွေတွေနဲ့ ကျွန်တော်တို့ သုံးစွဲတာတွေကို ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုတဲ့ စံတစ်ခုအရ ကျွန်တော်တို့ ခေါ်ယူ အသိပေးတာပါ။ ကျွန်တော်တို့ကိုပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်တယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့။ ကျွန်တော်တို့ ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီးတော့ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တန်ဖိုးထားတဲ့ဟာက အထူးအထွေ ပြောစရာ မလိုပါဘူး။ ကျွန်တော်တို့ စီးပွားမရှာဘူး။ ကျွန်တော်တို့ ထောင်ထဲသွားနေတာ ကျွန်တော်တို့ တစ်ကိုယ်ရေ မိသားစု ပံ့ပိုးမှု၊ ဒုက္ခ သုက္ခတွေနဲ့ နေလာပြီး ပြန်ထွက်လာတဲ့ အခါမှာ ကျွန်တော်တို့ လုပ်ငန်း ဆောင်ရွက်မှုနဲ့ ကျွန်တော်တို့ အလုပ်သဘာဝကို အရာအားလုံးထက် ပိုပြီး တန်ဖိုးထားပါတယ်။ ဒါကြောင့်မို့လို့ ငွေကြေးနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားသွားပါမယ်။ ပွင့်ပွင့်လင်းလင်းမေးပါ။ အားလုံးကို ဖိတ်ခေါ်ပါတယ်"

ဒီလ (၁) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ စေတနာဝသန် ဂီတဖျော်ဖြေပွဲကနေ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နဲ့ ကိုပြုံးချိုတို့ ပန်းချီရေးဆွဲထားတဲ့ ဂီတာတစ်လက် လေလံတင် ရောင်းရငွေ အပါအဝင် စုစုပေါင်း သိန်း ၂၇၂၆ သိန်း ရန်ပုံငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

လတ်တလောအနေနဲ့ ရရှိငွေထဲကနေ ကချင်စစ်ဘေးသင့် ဒုက္ခသည်တွေ အတွက် သိန်း ၂၀၀၊ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ဒုက္ခသည်တွေ အတွက် သိန်း ၂၀၀၊ ဧရာဝတီတိုင်းက ရေးဘေးဒဏ်သင့် ပြည်သူတွေ အတွက် သိန်း ၂၀၀၊ နာရေး ကူညီမှုအသင်း (ရန်ကုန်)နဲ့ မဖြူဖြူသင်း ဦးဆောင်တဲ့ HIV/AIDS ဝေဒနာရှင် စောင့်ရှောက်ရေး အသင်းတို့ကို ကျပ် ၂၅ သိန်းစီ လှူဒါန်းဖို့  ရှိတဲ့အပြင် အခြားလူမှုရေး အဖွဲ့အစည်းတွေကိုလည်း လှူဒါန်းသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုဘသက်အောင်နဲ့ စမ်းချောင်းကိုကိုကြီးတို့ အပါအဝင် လူ ၂၀ ကျော် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။