လယ်ယာပြဿနာ ၈၈ အဖြေရှာ
2014.12.30

လယ်သမားတွေထံက သိမ်းယူထားတဲ့ လယ်ယာမြေပြဿ နာတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ပြေ လည်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အ စည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ ဒီနေ့ ကျင်းပတဲ့ " လယ်တောကအသံ” လယ်ယာမြေ ပြဿနာဖြေရှင်းရေး အကြံပြုစာတမ်း ဆိုတဲ့ စာအုပ်နဲ့ပတ်သက်တဲ့ ရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင် ပြော သွားတာဖြစ်ပါတယ်။
"အခုဆိုရင် ကျနော်တို့ လယ်သမားကိစ္စပြောတယ်၊ လယ်ယာမြေကိစ္စပြောတယ်၊ အထောက်အထား ခိုင်လုံအောင် ကြိုးစားတယ်ဆိုတာကတော့ အာဏာရှိတဲ့သူ၊ ငွေကြေးရှိတဲ့သူက အင်မတန်လုပ်နိုင်တယ်၊ တကယ်လုပ်လာတဲ့ လယ်သမားတွေဖက်က ယှဉ်ပြိုင်ရတာ အခက်အခဲတွေရှိတယ်၊ အမည်ပေါက်တွေ သိမ်းထားပြီးရင် တကယ်တော့ သူတို့လည်း အလုပ်လုပ်တာမဟုတ်ဘူး၊ ပြည်ထဲရေးဝန်ကြီးဌာနက၊ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းထားတဲ့မြေတွေဟာ လယ်လုပ်ချင်လုပ်မယ်၊ ပုစွန်တာတွေ၊ ငါးမွေးမြူတာတွေလုပ်ချင်လုပ်မယ် ကိုယ်တိုင်မလုပ်နိုင်တဲ့အခါကျတော့ အငှားပြန်ချတယ်၊ ဆိုလိုတာကတော့ တကယ်အလုပ်လုပ်နေတဲ့လူရဲ့လက်ထဲက လုယူသွားပြီးတော့ နောက် တစ်ယောက်ကို အငှားပေးတယ်ဆိုတာကတော့ အဆင့်ဆင့်နစ်နာဆုံးရှုံးပါတယ်"
ဒါ့အပြင် ကိုမင်းကိုနိုင်က အသိမ်းခံထားရတဲ့ လယ်မြေတစ်ချို့ဟာ အဆင့်ဆင့်အငှားချလုပ်ကိုင်ခွင့် ပေးထား တာကြောင့် လယ်သမားတွေအနေနဲ့ အထောက်အထားပြဖို့ အခက်အခဲရှိနေတယ်လို့လည်း ပြောပါတယ်။
လယ်သမားတွေ တရားစွဲခံရ၊ ထောင်ကျခံနေရတာတွေဟာ သွေးထိုးလှုံ့ဆော်မှုတွေကြောင့်လို့ သက်ဆိုင်ရာ အစိုးရဋ္ဌာနတွေက စွပ်စွဲပြောဆိုနေတာကြောင့် လယ်ယာမြေပြဿနာကို ဖြေရှင်းရာမှာ အခက်ကြုံတွေ့နိုင်တယ်လို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာ တာဝန်ခံ ကိုထွန်းမြင့်အောင်က ပြောပါတယ်။
"တစ်နေ့တိုင်းပြည်မှာ လယ်ယာမြေပြဿနာကို ပြေလည်အောင် မဖြေရှင်းပေးနိုင်သေးဘူးလို့ လွှတ်တော် ဥက္ကဌကြီးကလည်း တစ်နိုင်ငံလုံးကို လှည့်ပြီးပြောနေပါပြီ၊ ဒါပေမယ့် လွဲနေတာတွေရှိပါတယ်၊ လယ်သမားတွေ ဒုက္ခရောက်ကြတာဟာ ထောင်ကျတာဟာ သွေးထိုးလှုံဆော်မှုဆိုတဲ့ ကောက်ချက်ဟာ အင်မတန်လွဲပါတယ်၊ အဲ့ဒီလို အမြင်မျိုးတွေဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကလည်း ဒီလိုပဲ တိုင်းပြည်မှာဖြစ်နေတဲ့ ပြဿနာ ကို မြင်အောင် မကြည့်ဘဲ ရှိနေတဲ့ပြဿနာကို ဝိုင်းညှိပြီးတော့ ပြေလည်အောင် မဖြေရှင်းဘဲနဲ့ စွပ်စွဲချက်တွေနဲ့ ပြောဆိုတာဟာ ကျနော်တို့ တိုင်းပြည်အတွက် ဘာအကျိုးရလဒ်မှ မရှိပါဘူး"
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီး တစ်နိုင်ငံလုံးမှာ လယ်ယာမြေပြဿနာပေါင်း ၂၀၀၀ ရှိပြီး အဲဒီထဲက မြေယာဖြေရှင်းမှုပြဿနာ ၈၀၀ ကျော်ကို လွှတ်တော်ကိုပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။