ပင်လုံညီလာခံ ကိုယ်စားလှယ် ၇၀၀ ရက်ပိုင်းအတွင်း အတည်ပြုမည်
2016.08.10

၂၁ ရာစုပင်လုံညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ် စုစုပေါင်း ၇၀၀ တက်ရောက်ခွင့်ပြု မှာဖြစ်ပြီး ဖိတ်ကြားမယ့် ပုဂ္ဂိုလ်စာရင်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ အတည်ပြုသွားမယ်လို့ နိုင်ငံတော် အတိုင်ပင် ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။
ဒီနေ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ဦးကျော်နီနိုင်က ၂၁ ရာစုပင်လုံညီလာခံမှာ တုိင်းရင်းသားလူမျိုးစုတွေ ကိုယ်စား ကိုယ်စားလှယ်ဘယ်နှယောက် တက်ရောက်ခွင့်ရှိမလဲ ဆိုတာနဲ့ တိုင်းရင်းသား လူမျိုးအလိုက် ကိုယ်စားပြု တက်ရောက်ခွင့် ရှိ၊ မရှိ မေးမြန်းတာကို ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ပြန်လည်ဖြေကြားခဲ့တာဖြစ် ပါတယ်။
"ယခင်က နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အရကတော့ ညီလာခံတက်ရောက်မယ့် ကိုယ်စားလှယ် ၇ဝဝ မှာ အစိုးရအဖွဲ့ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော်ကိုယ်စားလှယ် ၁၅ဝ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စားလှယ် ၁၅ဝ ဦး၊ တရားဝင်နိုင်ငံရေးပါတီများမှ ၁၅ဝ ဦး၊ တိုင်းရင်းသားကိုယ်စားလှယ် ၅ဝ ဦးနဲ့ တခြားပါဝင်သင့် ပါဝင်ထိုက်တဲ့လူတွေ ၅ဝ ရှိမယ်လို့ သတ်မှတ်ထား ပါတယ်၊ ဒီနိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြန်လည်သုံးသပ်ဖို့ရှိပါတယ်၊ ဖိတ်ကြားမှုစာရင်းအတိအကျကိုတော့ ယခုလလယ်မှာကျင်းပပြုလုပ်မည့် UPDJC မှာ ဆွေးနွေးညှိနှိုင်းပြီး အတည်ပြုသွားရမှာဖြစ်တယ်ဆိုတာကို တင်ပြလိုပါတယ်"
ညီလာခံမှာ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်ရေးကို အလေးထား ဆောင်ရွက်နေတယ်လို့လည်း ပြော ပါတယ်။
လွှတ်တော်တွင်းက တိုင်းရင်းသားပါတီတွေကလည်း ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားပါတီတွေ ဘယ်လို ပါဝင်ရမလဲ လူဦးရေဘယ်လောက် တက်ရောက်ခွင့်ရမလဲဆိုတာကို မသိရသေးတဲ့အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
ညီလာခံကို လာမယ့် သြဂုတ်လ ၃၁ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး မကျင်းပခင်မှာ NCA လက်မှတ်ထိုးပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအားလုံးကို ဖိတ်ကြား ပြီး နိုင်ငံရေးဆွေးနွေးပွဲမှု မူဘောင်တွေကို ပြန်လည်သုံးသပ်မယ်လို့လည်း ဝန်ကြီး ဦးကျော်တင့်ဆွေ က ပြောပါတယ်။