နိုင်ငံတကာဖိအားလျော့ကျဖို့ ပြည်သူတွေရဲ့အား လိုအပ်တယ်လို့ အစိုးရပြော

ဝေမာထွန်း၊ ဝေယံမိုးမြင့်
2020.07.30

နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်တိုးတက်စေဖို့ သံတမန်တွေက ရှေ့တန်းမှာ ရင်ဆိုင်ဖြေရှင်းနေ ပေမယ့် သံတမန်တွေရဲ့ အင်အားကိုပဲ အားထားနေလို့မရဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ တိုင်းရင်းသားလူထုတွေရဲ့အားလည်း လိုအပ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောခဲ့တာပါ။

ပြည်ထောင်စုဝန်ကြီးရဲ့  တိုက်တွန်းချက်ကို နိုင်ငံရေးလေ့လာသူတွေက လက်ခံကြပေမယ့်လည်း အစိုးရဘက်ကို တန်ပြန်မေးခွန်းထုတ်နေကြပါတယ်။

ပြည်သူတွေပါဝင်နိုင်ရေးဆိုတာ အစိုးရက ပြည်သူတွေကို သတင်းအချက်အလက်တွေ ပွင့်ပွင့်လင်းလင်းပေးဖို့နဲ့ လွှတ်တော်ဘက်ကလည်း အစိုးရကိုထောက်ပြနိုင်ဖို့ အခွင့်အာဏာ ခိုင်ခိုင်မာမာရှိဖို့ လိုအပ်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက မှတ်ချက်ပေးကြပါတယ်။

နိုင်ငံတကာမှာ လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာကော်မတီတွေဟာ သြဇာကြီးပေမယ့် မြန်မာနိုင်ငံမှာတော့  အဲဒီလိုအခြေအနေမျိုးမရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက ထင်မြင်ချက်ပေးပါတယ်။

“သူများနိုင်ငံတွေမှာ နိုင်ငံခြားရေးရာကော်မတီက တော်တော်သြဇာကြီးကြတယ်။ သူတို့က နိုင်ငံခြားရေး ဝန်ကြီးကို ခေါပြီး ဘာတွေလုပ်နေလဲ မေးခွင့်ရှိတယ်။ အခု NLD အစိုးရလက်ထက်မှာ လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာကော်မတီက တော်တော်လေးအားနည်းတယ်။ ဒေါ်အောင်ဆန်းစုကြည်သုံးတဲ့ စကားလုံး တစ်လုံးရှိတယ်။ ပြည်သူတွေနဲ့ဆိုင်တဲ့ သံရေးတမန်ရေးကိစ္စ။ ဒါတွေကို NLD အစိုးရက တိုးပြီးလုပ်သွား မယ်လို့ ပြောထားတာရှိတယ်။ တကယ့်တကယ်တော့ စောနကဖြေသွားတဲ့အထဲမှာပါတယ်။ သံရေးတမန်ရေး က လှို့ဝှက်ဖြစ်လို့ဆိုပြီး ကျနော်တို့ သိသင့်သိထိုက်တဲ့ သံရေးတမန်ရေးဆိုတာ ဘာလဲလို့ ဒီလိုမေးခွန်းထုတ်ဖို့ လိုမယ်ထင်တယ်။”


နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် အမြင်ရှင်းလင်းပြီး ဖိအားတွေ လျော့ကျသွားဖို့ နိုင်ငံတော်အစိုးရက သံခင်း တမန်ခင်းအရ ဘယ်လိုဆောင်ရွက်နေသလဲလို့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက မေးမြန်းတဲ့အပေါ်  ဝန်ကြီး ဦးကျော်တင်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မေးမြန်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက မြန်မာနိုင်ငံဟာ နိုင်ငံတကာမျက်နှာစာမှာ ပုံရိပ်ကျဆင်းနေ တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ နှေးကွေးနေတာဖြစ်ပြီး အလျင်အမြန် အဖတ်ဆယ်ဖို့ လိုအပ်တယ်လို့ အကြံပြု ပါတယ်။

“မြန်မာနိုင်ငံဟာ နှစ်ပေါင်းကြာရှည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့နိုင်ငံ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိတဲ့နိုင်ငံ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု မြင့်မားတဲ့နိုင်ငံ၊ အဂတိတရားလိုက်စားမှု မြင့်မားတဲ့ နိုင်ငံ၊ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားရင်ဆိုင်နေရတဲ့နိုင်ငံ စတဲ့ နာမည်ဆိုးတွေကြောင့် နိုင်ငံရဲ့ ပုံရိပ်က အဆိုးဆုံးအခြေအနေမှာရှိပါတယ်။ နိုင်ငံရဲ့ ပုံရိပ် ကျဆင်းဆိုးရွားနေ တာဟာ ယနေ့ မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်မှု နည်းပါးခြင်း၊ အနောက်နိုင်ငံများက ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်နေခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ ပုံရိပ်၊ နိုင်ငံသားများရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းနေတာကို အလျင်အမြန် ပြန်အဖတ်ဆယ်ဖို့ လိုအပ်နေ ပါတယ်။”

နိုင်ငံတကာက အလေးထားနေတဲ့ကိစ္စဟာ မြန်မာပြည်တွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိရင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ဖြစ်ပြီး ဒါကို အစိုးရက အလေးထားဆောင်ရွက်နေကြောင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြည်တွင်းတရားစီရင်ရေးနဲ့ ထိထိရောက်ရောက် အရေးယူနိုင်မယ်ဆိုရင် နိုင်ငံတကာဖိအားပေးမှုတွေ လျော့ပါး သွားလိမ့်မယ်လို့ ဝန်ကြီး ဦးကျော်တင်က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ နိုင်ငံတကာ စွပ်စွဲနေတာဟာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာ နေရာတွေကို ရည်ညွှန်းတာဖြစ်လို့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့လိုတယ်လို့ ဝန်ကြီး ဦးကျော်တင် က သူ့အမြင်ကို တင်ပြပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲမှု ခံရတာအများစုဟာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတာ များတဲ့နေရာ တွေမှာ ဖြစ်ပါတယ်။ ဒီလက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းသွားပါက ယင်းစွပ်စွဲချက်များမှာလည်း လျော့ပါး ကွယ်ပျောက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို ဒီလက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းသွားစေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေးရာ အလွန်အရေးကြီး လှပါတယ်။”

ရခိုင်ပြည်နယ်က အသိုင်းအဝိုင်းနှစ်ခုကြား သံဟဇာတဖြစ်ဖို့ဆိုတာဟာ ဥပဒေအမိန့်ထုတ်လို့မရဘဲ အချိန်ယူ ပညာပေးရမှာဖြစ်ပြီး ပေါင်းစည်းညီညွတ်ရေးစီမံချက်တွေကို အားပေးအကောင်အထည်ဖော်နေတယ်လို့လည်း အစိုးရရဲ့ သဘောထားကို ထုတ်ပြောခဲ့ပါတယ်။

ဝန်ကြီးဦးကျော်တင်က ဒီနှစ်မှာ မြန်မာ့တပ်မတော်ကို ကလေးသူငယ်များ စုဆောင်းခြင်း၊ အသုံးပြုခြင်း ကျူး လွန်တဲ့ အဖွဲ့အစည်းစာရင်းကနေ ဖယ်ရှားပေးခံရတဲ့ အခြေအနေကိုလည်း ထုတ်ဖော်ပြောခဲ့ပါတယ်။ အဲဒီလို စာရင်းကနေ ဖယ်ရှားခံရတာဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များဆိုင်ရာ အထူးကိုယ်စားလှယ်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အထူးကာကွယ်ရေး ကိုယ်စားလှယ်တို့နဲ့ မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်ခဲ့တာတွေကြောင့်လို့  ဝန်ကြီးက သုံးသပ်ပါတယ်။

မြန်မာ့တပ်မတော်ကို ကလေးစစ်သားအသုံးပြုသူစာရင်းက ပယ်ဖျက်လိုက်တာဟာ ကောင်းတဲ့ရလဒ်ဖြစ်ပေမယ့် တိုက်ပွဲအတွင်းမှာ စစ်နဲ့ပတ်သက်မှုမရှိတဲ့ အရပ်သားပစ်မှတ်တွေကို ထိခိုက်မှုမရှိအောင် ဆောင်ရွက်နိုင်ရေး ထပ်မံလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း က တိုက်တွန်းပါတယ်။

“အသက် ၁၈ နှစ်အောက် ကလေးတွေကို တပ်သားထိန်းသိမ်းတဲ့သူရှိရင် ပြင်းပြင်ထန်ထန် အရေးယူတယ် ဘာညာဆိုတာ လက်ဆုပ်လက်ကိုင်ပြနိုင်တော့ အဲဒီစာရင်းက ပယ်ဖျက်ခံရတယ်။ ဒါက တိုးတက်တဲ့ ခြေလှမ်း တစ်ခုပေါ့။ အဲဒီလိုပဲ စစ်ပွဲအတွင်း စစ်နဲ့မသက်ဆိုင်တဲ့သူတွေကို အရပ်သားပစ်မှတ်တွေ မထိခိုက်အောင် လုပ်နိုင်ရင် တိုးတက်တဲ့ ခြေလှမ်းတစ်ခုဖြစ်နိုင်တာပေါ့။ ဖြည်းဖြည်းချင်း တပ်မတော်အနေနဲ့ စစ်ရာဇဝတ်မှု မြောက်စေတဲ့ကိစ္စတွေကို ရှောင်ရှားသွားရလိမ့်မယ်လို့ ယူဆတယ်။”


အစိုးရက ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်လူမှုအသိုက်အဝန်းတွေကြား တင်းမာမှုတွေလျော့ဖို့၊ နေရပ်စွန့်ခွာသူတွေ အရေး ဖြေရှင်းရာမှာ တိုးတက်မှုတွေရဖို့ ဆောင်ရွက်နေသလို မြန်မာနိုင်ငံဟာ တာဝန်ယူမှုရှိတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် နိုင်ငံတကာဥပဒေတွေ၊ စံနှုန်းတန်ဖိုးတွေကို လိုက်နာဆောင်ရွက်သွားမယ်လို့ ဝန်ကြီး ဦးကျော်တင် က ကတိပေးခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ်  လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုခံထားရပြီး ICJ က ချမှတ်ထားတဲ့ ကြားဖြတ်စီရင်ချက်တွေကို အကောင်အထည်ဖော်နေရတဲ့ အချိန်ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။