သံတွဲပဋိပက္ခ လူ ၆ ဦးကို ဖမ်းဆီးထိန်းသိမ်း
2013.10.03

အောက်တိုဘာလ ၁ ရက်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၆ ဦးကို သံတွဲခရိုင်ရဲစခန်းက ဖမ်းဆီးပြီး သံတွဲအကျဉ်းထောင်ကို ဒီနေ့ပို့လိုက်ပြီလို့ သိရပါတယ်။
သံတွဲမြို့နယ် RNDP ဥက္ကဌ ဦးမောင်ပု အပါအဝင် ၆ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်
"အခုဆိုရင် ကျနော်တို့ပါတီက ဥက္ကဌ ကိုမောင်ပုကို မနေ့ကည ၁၁ နာရီမှာဖမ်းတယ်၊ ဖမ်းတယ်ဆိုတာ စိစစ်ဖို့၊ ပြီးရင်ကျနော်တို့ဆီမှာ စာရင်းရပါတယ်၊ ၆ ယောက်လောက် အရေးယူစိစစ်နေတယ်လို့ ကျနော်တို့ကြားပါတယ်၊ အဲဒီလိုစိစစ်တာမျိုးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်သလား၊ ကျနော်တို့မေးမြန်းဖို့ရှိပါတယ်၊ ၂၄ နာရီပြည့်လို့ စုံစမ်းစစ်ဆေးနိုင်တဲ့ကဏ္ဍကျော်လွန်ပြီးရင် တရားလူကြီးရဲ့ ခွင့်ပြုချက်နဲ့ သူ့မှာဝရမ်းပါဖို့လိုတယ်၊ ပုဒ်မတစ်ခုခုပါဖို့လိုတယ်"
အဲဒီဖမ်းဆီးခံရသူ ၆ ဦးထဲမှာ သံတွဲမြို့နယ် အမျိုးဘာသာ၊ သာသနာအဖွဲ့က ကိုကျော်ကျော်၊ ကိုသိန်းဝင်းနဲ့ ကိုသိန်းစံတို့လည်း ပါဝင်တယ်လို့ သံတွဲမြို့ အမျိုးဘာသာ၊ သာသနာအဖွဲ့မှ ကိုမြင့်မိုးက ပြောပါတယ်။
"မနေ့ညက အမျိုး၊ ဘာသာ၊ သာသနာအဖွဲ့က အလုပ်အမှုဆောင်သုံးယောက်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ RNDP က ဥက္ကဌတစ်ယောက်ကို ည ၁၁ နာရီနဲ့ ၁၂ နာရီကြားထဲမှာ လာဖမ်းသွားတယ်"
ဖမ်းဆီးခံရသူတွေကို ညနေပိုင်းမှာ သံတွဲမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး ရာနဲ့ချီတဲ့မြို့ခံတွေ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ အဲဒီနောက် သူတို့အားလုံးကို သံတွဲအကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
တချိန်တည်းမှာ ရခိုင်ပြည်နယ်အစိုးရက သံတွဲမြို့နယ် သဗြုချိုင်၊ ပေါက်တောစတဲ့ကျေးရွာတွေမှာ အောက်တိုဘာလ ၁ ရက်နေ့က မီးရှို့မှုတွေကြောင့် နေအိမ်အလုံးရေ ၁၀၀ ကျော် မီးထဲပါသွားခဲ့ပြီး သေဆုံးသူ ၅ ဦးရှိတယ်လို့ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အခုလို အတည်ပြုပြောဆိုပါတယ်။
"ကျနော်တို့ရရှိတဲ့စာရင်းအရ ပျက်စီးဆုံးရှုံးမှုအနေနဲ့ အိမ်ပေါင်း ၁၀၂ အိမ်ဖြစ်ပါတယ်၊ နောက်တဲ ၁ တဲ၊ ဗလီ ၂ လုံး၊ ဈေးဆိုင် ၁ ဆိုင်၊ သေဆုံးမှုကတော့ စုစုပေါင်း ၅ ဦးဖြစ်ပါတယ်၊ ဒဏ်ရာရတာကတော့ ကျား ၄ ဦးဖြစ်ပါတယ်၊ ဒုက္ခသည်များအနေနဲ့ ဆိုလို့ရှိရင်တော့ အိမ်ထောင်စုပေါင်း ၁၀၃ စု၊ ကျား ၂၁၃ ဦး၊ မ ၂၃၅ ဦး စုစုပေါင်း ၄၄၈ ဦးတော့ အိုးမဲ့အိမ်မဲ့ဖြစ်တယ်လို့ ကျနော်တို့စာရင်းရရှိထားပါတယ်"
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ အိမ်ထောင်စု ၁၀၀ ကျော်နဲ့ ဒုက္ခသည်ပေါင်း ၄၅၀ လောက်ကို ရခိုင်ပြည်နယ် အစိုးရက စားနပ်ရိက္ခာကူညီပေးနေသလို ဒါဏ်ရာရသူတွေကိုလည်း သံတွဲဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။