ရှမ်းတောင်ပိုင်းနဲ့ ကယားမှာ အာဏာသိမ်းကာလအတွင်း အရပ်သား ၄၆၂ ဦးသေဆုံး
2023.06.01

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ မေလ ၃၁ ရက်နေ့အထိ အရပ်သား ၄၆၂ ဦး သေဆုံးခဲ့တယ်လို့ စစ်ရေးနဲ့ အရပ်သားထိခိုက်မှုတွေကို လစဉ်မှတ်တမ်းတင်နေတဲ့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အာစု PKPF က ဇွန်လ ၁ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသွားသူတွေထဲမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာခံခဲ့ရသူပေါင်း ၃၂၆ ဦးရှိခဲ့ပြီး စစ်ဘေးကို တိမ်းရှောင်ရင်း သေဆုံးခဲ့ရသူက ၁၃၆ ဦးရှိတယ်လို့ ဖော်ပြပါတယ်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနဲ့ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်မတော် KNDF၊ PDF ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲပေါင်း ၆၉၉ ကြိမ်အထိဖြစ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၂၉၂ ဦးအထိ သေဆုံးခဲ့တယ်လို့ PKPF က ဖော်ပြပါတယ်။
အာဏာသိမ်းကာလအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄၆၃ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေး အဆောက်အအုံ ၃၆ လုံးနဲ့ လူနေအိမ် ၁၅၆၁ လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးသူ ၂၀၆၈ ဦးအထိရှိခဲ့တယ်လို့ ဖော်ပြပေမယ့် ဒီအချက်အလက်အပေါ် RFA က သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။
စစ်တပ် အရာရှိဟောင်းတွေနဲ့ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ချက်တဲ့ အချက်အလက်တွေမှာ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ သေဆုံးမှုစာရင်းတွေဟာ ဘယ်လို အချက်တွေအပေါ်မှာ အခြေခံပြီးကောက်ထားတယ်ဆိုတာကို မေးခွန်းထုတ်စရာရှိသလို သတိထားစောင့်ကြည့်ဖို့ လိုတယ်လို့ အခုလအတွင်းမှာပဲ RFA ကို ပြောထားပါတယ်။
PKPF ဘက်ကတော့ ဒီစားရင်းတွေကို မြေပြင်အထိ ကွင်းဆင်းကောက်ယူတာရှိသလို မြေပြင်အထိမသွားနိုင်တဲ့ နေရာတွေမှာတော့ ရှေ့တန်းရောက် ကာကွယ်ရေးအဖွဲ့တွေနဲ့ အရပ်ဘက် အဖွဲ့အစည်း တာဝန်ရှိသူတွေထံကနေ ကောက်ယူထားတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
ကယားပြည်နယ်မှာ စာဏာသိမ်းကာလအတွင်း မတရားဖမ်းဆီးခံထားရသူက ၁၉၀ ဦး ရှိပြီး အဲဒီထဲမှာ သေဒဏ်ချမှတ်ခံထားရသူ သုံးဦးနဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသူ လေဦးရှိတယ်လို့ PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။