ခြေ - ဥ ပြင်ဆင်ရေး ထောက်ခံသူ လက်မှတ် သုံးသန်း NLD ရရှိ
2014.06.30

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ တစ်လအတွင်း လက်မှတ်ရေးထိုးသူပေါင်း ၃သန်း ကျော် ရှိနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရုံးတွေမှာ စုဆောင်းရရှိတဲ့ လက်မှတ်တွေကို ရေတွက်ထားတာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန် က ပြောပါတယ်။
"ကျနော်တို့ တစ်ပြည်လုံးအတိုင်းအတာနဲ့ပေ့ါ ဒီ ၂၉ ရက်နေ့မှာ တစ်လပြည့်မြောက်ပါပြီ၊ တိုင်းနဲ့ပြည် နယ်တွေမှာ သူတို့စုဆောင်းပြီး ရရှိထားတဲ့လက်မှတ် ကို ပြည်သူတွေကို ကျနော်တို့သိအောင် တိုင်းနဲ့ပြည် နယ် ၁၄ ခုမှာ လက်မှတ်ဘယ်လောက်ရနေတယ်၊ ၁၄ ခုထဲက တင်ပေးတဲ့လက်မှတ်တွေကို ကျနော် တို့ပေါင်းပြီးတော့ ကြေညာချက်ထုတ်လိုက်တာပါ၊ ကျနော်တို့ ရန်ကုန်တိုင်းကပဲ ၆ သိန်း၊ ဒုတိယကတော့ ဧရာဝတီတိုင်းနဲ့ မန္တလေးဖြစ်ဖို့ များပါတယ်ခင်ဗျ၊ ဘယ်နေရာကနေပဲ လက်မှတ်ထိုးထိုး တစ်ကြိမ်ပဲထိုးပေးပါလို့ မေတ္တာရပ်ခံထားတယ်"
အဲ့ဒီထဲမှာ ရန်ကုန်တိုင်းဒေသကြီးက လက်မှတ်ပေါင်း ၆ သိန်းကျော်နဲ့ လက်မှတ်အများဆုံး ရရှိထားတာဖြစ်ပြီး မန္တလေးနဲ့ ဧရာဝတီတိုင်းတို့က ဒုတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်တွေကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကနေ လာမယ့် ဇူလိုင်လ ၁၉ရက်နေ့အထိ ကောက်ခံသွားမှာဖြစ်ပါတယ်။
လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့ ပခုက္ကူမြို့နယ်မှာ ကျင်းပမယ့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောမယ်လို့ သိရပါတယ်။
ဟောပြောပွဲ စီစဉ်နေတဲ့အကြောင်း အန်အယ်လ်ဒီ ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုက အခုလိုပြောပါတယ်။
"၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေးမှာ လွှတ်တော်နဲ့ လက်ရှိအစိုးရအဖွဲ့ရယ်၊ ကာလုံးရယ်ဖက်က ပြောင်း လဲရေးအတွက်ကို ပြည်သူအားလုံး လက်ခံနိုင်တဲ့အနေအထားဆီကို ချဉ်းကပ်ဖို့အတွက် အားမလိုအားမရ အခြေအနေတချို့ တွေ့ရတယ်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့က ဘက်တစ်ဖက်၊ ကာလုံနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဘက်တစ်ဖက်၊ ဒေါ်အောင်ဆန်းစုကြည်ရယ် နိုင်ငံရေးခေါင်းဆောင်တွေ တိုင်းရင်းသား အဖွဲ့အစည်း ခေါင်းဆောင်တွေက ဘက်တစ်ဖက် အားလုံးမျက်နှာချင်းဆိုင် ဆွေးနွေး ပြီးတော့ ပြည်သူလူထုကို ပါသိရှိစေတဲ့ ပွင့်လင်းမြင်သာသော တွေ့ဆုံဆွေးနွေးမှုမျိုးလုပ်မှရမယ်လို့ ယုံကြည်ပါတယ်"
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွေကို လာမယ့် ဇူလိုင်လပထမပတ်အတွင်း တောင်ကြီး၊ ကျိုင်းတုံနဲ့ တာချီလိတ်မြို့တို့မှာ ကျင်းပမှာဖြစ်ပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၄၃၆ ကို မပြင်ဆင်ဘူးဆိုရင် ဒါဟာ စစ်တပ်အနေနဲ့ အခြေခံဥပဒေထဲက ဘာတွေကို ပြင်နိုင်တယ်၊ ဘာတွေကို မပြင်နိုင်ဘူးဆိုတဲ့ တစ်ချက်လွှတ် အာဏာရှိနေတဲ့သဘော ဖြစ်သွားပါလိမ့်မယ်လို့ ရိုက်တာသတင်းကို ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး စစ်တပ်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ကလည်း မြန်မာ့အခြေခံဥပဒေဆိုင်ရာ ပြဿနာအတော်များများက စစ်တပ်ကို အရပ်ဘက်က ထိန်းချုပ်ရေးကိစ္စပဲဖြစ်ပါတယ်၊ သူတို့ဟာ ဒီပြဿနာနဲ့ နပန်းလုံးနေကြပါတယ်၊ စစ်တပ်အရာရှိငယ်တွေနဲ့ တွေ့တဲ့အခါ သူတို့မေးတဲ့ မေးခွန်းကတော့ အဲဒီအပြောင်းအလဲ ဘယ်လောက်မြန်မြန်ဖြစ်သင့်တယ် ထင်ပါသလဲဆိုတာ မေးကြပါတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ မိမိတို့အနေနဲ့ ကိုယ်လိုချင်တာကိုရဖို့ ဘယ်လောက်ကြိုးပမ်းအားထုတ်ရမလဲ ဆိုတာကိုသာ စဉ်းစားပါတယ်လို့ ရိုက်တာသတင်းကို ပြောဆိုခဲ့ပါတယ်။