ဒုက္ခသည်အရေး လှုပ်ရှားသူ ၃ ဦး လွတ်မြောက်ရေး အယူခံ ဆက်တက်မည်


2018.12.17
kachin-protesters-622.JPG တိုက်ပွဲကြောင့် ပိတ်မိနေသူတွေကယ်ထုတ်ရေး ဆန္ဒပြခဲ့ရာမှာ ဦးဆောင်သူ ၃ ဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Elizabeth/ RFA

အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခံထားရတဲ့ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျက်နဲ့ ဒေါ်နန်ပူတို့ ၃ ဦး လွတ်မြောက်ရေးအတွက် ပြည်နယ်တရားလွှတ်တော်ထံ အယူခံ ဆက်တက်သွားမယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့က ခရိုင်တရားရုံးကို အယူခံတက်ခဲ့ရာမှာ ပလပ်ခံခဲ့ရတာကြောင့် ပြည်နယ် တရားလွှတ်တော်ကို ဆက်တက်မှာဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဒေါ်ဒွဲဘူ က ပြောပါတယ်။

တပ်မတော်နဲ့ ကေအိုင်အေ တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တောထဲမှာ ပိတ်မိနေတဲ့ စစ်ပြေး ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေးအတွက် ပြီးခဲ့တဲ့ ဧပြီ လကုန်ပိုင်းကနေ မေလဆန်းအထိ မြစ်ကြီးနားမြို့မှာ တောင်းဆိုဆန္ဒပြရာမှာ သုံးနှုန်းခဲ့တဲ့ စကားလုံး အသုံးအနှုန်းတွေဟာ တပ်မတော်ကို ထိခိုက်စေတယ်ဆိုပြီး မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦး က အသရေဖျက်မှုနဲ့ သူတို့ ၃ ဦး ကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမှုကို ထောင်ဒဏ် ၆ လစီနဲ့ ငွေဒဏ် ၅ သိန်းစီ ကျခံဖို့  မြစ်ကြီးနားမြို့နယ် တရားရုံးက ဒီဇင်ဘာ ၇ ရက်နေ့က အမိန့်ချလိုက်တာပါ။

သူတို့ ၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကချင်ပြည်နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၉ ဦးကလည်း လက်မှတ်ရေးထိုးပြီး သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့ထံ ပြီးခဲ့တဲ့ရက်ပိုင်းက စာပေးပို့တောင်းဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။