မြောက်ပိုင်းသုံးဖွဲ့ စစ်တပ်နဲ့ ယာယီအပစ်ရပ်စဲရေး သဘောတူညီချက်ထုတ်ပြန်

RFA Burmese
2024.01.12
မြောက်ပိုင်းသုံးဖွဲ့ စစ်တပ်နဲ့ ယာယီအပစ်ရပ်စဲရေး သဘောတူညီချက်ထုတ်ပြန် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နဲ့ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။
ဓာတ်ပုံ - ညီနောင်မဟာမိတ်သုံးဖွဲ့

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ စခန်းတွေ၊ ဗျူဟာကုန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မလုပ်ဖို့၊ ညီနောင်သုံးဖွဲ့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နေရာအားလုံးကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးအပါအဝင် ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ဖို့ စတဲ့ အချက်တွေကို စစ်ကောင်စီနဲ့ သဘောတူခဲ့ကြတယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နှစ်ရက်ကြာဆွေးနွေးခဲ့ပြီးနောက် ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ပြီး အချက်သုံးချက်ပါဝင်တဲ့ “ဟိုင်ဂင်သဘောတူညီမှုများ” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲရလဒ်တွေကို ဇန်နဝါရီလ ၁၂ ညပိုင်းမှာ ညီနောင်သုံးဖွဲ့က ထုတ်ပြန်လိုက်တာပါ။

ဇန်နဝါရီလ ၁၁ ရက်ညပိုင်းက စတင်ပြီး နှစ်ဖက်တပ်တွေ ချက်ချင်းအပစ်ရပ်စဲဖို့၊ နှစ်ဖက်တပ်တွေကြား ပစ်ခတ်တိုက်ခိုက်တာနဲ့ ထိတွေ့မှုမရှိဖို့၊ အငြင်းပွားစရာတွေနဲ့ ပစ်ခတ်တာတွေဖြစ်လာရင် တွေ့ဆုံဆွေးနွေးတဲ့ လမ်းစဉ်နဲ့ ဖြေရှင်းဖို့ဆိုတဲ့ အချက် သုံးချက်ကို သဘောတူခဲ့ကြတာဖြစ်ပါတယ်။

နယ်စပ်ဒေသက တရုတ်နိုင်ငံသားတွေနဲ့ မြန်မာပြည်တွင်းက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ လုံခြုံရေးကို မထိခိုက်ကြဖို့၊ မဖျက်ဆီးကြဖို့ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် နှစ်ဖက်စလုံးက ချက်ချင်းအပစ်ရပ်စဲရေးဆိုင်ရာတွေနဲ့ တခြားကိစ္စရပ်တွေကို ဆက်လက်ဆွေးနွေးသွားဖို့လည်း သဘောတူခဲ့ကြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Mao Ning က... မြန်မာပြည်မြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအရှိန်ကို ထိန်းသိမ်းတာဟာ မြန်မာနိုင်ငံ အကျိုးစီးပွားနဲ့ကိုက်ညီတဲ့အပြင် တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်းအေးချမ်းရေးကို အထောက်အကူပြုတယ်လို့ ဇန်နဝါရီ ၁၂ ရက်နေ့က ပြုလုပ်တဲ့ နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အခု သဘောတူရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးကို သေချာအကောင်အထည်ဖော်ပြီး အပြန်အလှန်ဆွေးနွေးတာကနေ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်လာဖို့ တရုတ်နိုင်ငံက ဆက်လက်ကူညီပံ့ပိုးသွားမယ်လို့လည်း ဆိုပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ကတော့ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ဘုံရည်မှန်းချက်ဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်အမြစ်မပြတ်သရွေ့ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရှိနေမှာဖြစ်ပြီး ပြည်သူတွေ အားကိုးအားထားရတဲ့ အဖွဲ့အစည်းတွေဖြစ်အောင် အခုထက်ပိုပြီး ကြိုးစားသွားမယ်လို့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၁ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။