အမျိုးသား ၁၃ ဦးကို စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ထောင်ချ

RFA Burmese
2023.02.15
အမျိုးသား ၁၃ ဦးကို စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ထောင်ချ ကလေးမြို့မှာ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
RFA

စစ်ကောင်စီတရားရုံးတွေက ဖေဖော်ဝါရီလ ၁၃ ရက်မှာ စစ်ကိုင်းတိုင်းက ကိုးဦး၊ ချင်းပြည်နယ်က နှစ်ဦး နဲ့ နေပြည်တော်က နှစ်ဦး စုစုပေါင်း အမျိုးသား ၁၃ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီအတွက် ဝါဒဖြန့်နေတဲ့သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ စစ်ကိုင်းတိုင်း မုံရွာမြို့က ကိုသူရဇော် (ခ) ပန်ဒါ၊ ယင်းမာပင်မြို့နယ်က ကိုဒီမိုး(ခ) ကိုဖြိုးလှိုင်ဝင်း၊ ကိုငြိမ်းချမ်း၊ ကလေးမြို့က ကိုအောင်ဖြိုးဝေ၊ ကန့်ဘလူမြို့နယ်က ကိုမောင်သွင်၊ ကိုကျော်ဦး၊ ကိုမျိုးကို၊ ကိုအောင်သန်းဝင်း၊ ကိုအောင်လှိုင်ဝင်း၊ ချင်းပြည်နယ် ရေဇွာမြို့က ကိုခမ်းမော်န် ၊ ကိုဘွေဘီး၊ နေပြည်တော် လယ်ဝေးမြို့နယ်က ကိုဝေယံလင်း၊ ဇဗ္ဗူသီရိမြို့နယ်က ကိုမျိုးထွန်း တို့ ထောင်ဒဏ်ချမှတ်ခံရတာပါ။

သူတို့ကို စစ်ကောင်စီရဲ့တရားရုံးတွေကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) အရ ထောင်ဒဏ် သုံးနှစ်ကနေ ငါးနှစ်ထိ အသီးသီးချမှတ်ခဲ့တာပါ။

သူတို့ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စစ်ကောင်စီအတွက် ဝါဒဖြန့်နေတဲ့ သတင်းဌာနတချို့က ဖော်ပြပေမယ့် ထောင်ဒဏ်ချမှတ်ခံရသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို ဖော်ပြ တာ မရှိပါဘူး။

အဲ့ဒီထဲမှာ ထောင်ဒဏ်လေးနှစ်ချမှတ်ခံရတဲ့ ကိုမျိုးကိုရဲ့ မိတ်ဆွေတစ်ဦးကတော့ စစ်တပ်က သက်သေမခိုင်လုံဘဲ စွပ်စွဲအမိန့်ချခဲ့တာလို့ RFA ကို ပြောပါတယ်။

"မျိုးကိုက အသက် ၂၀ စွန်းစွန်းပဲ ရှိသေးတာ၊ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ဦးပိုင်းက ဖမ်းခံရတာ။ ရွာကို စစ်ကြောင်းဝင် မီးတိုက်တော့ သူတို့ထွက်ပြီ ထင်ပြီး ရွာပြန်ဝင်တဲ့အချိန် စစ်တပ်က အဲ့ကလေးကို ဖမ်းသွားတာ။ အခုကျ အကြမ်းဖက်နဲ့ ဆက်နွှယ်တယ်ဆိုပြီး အမိန့်ချတာ စစ်ကောင်စီကို သေတဲ့အထိ မကျေနပ်ဘူး"

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁၄ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပြည်သူ ၁၅,၆၈၀ ဦး ဖမ်းဆီးခံထားရပြီး အဲ့ဒီထဲက ၄၁၇၉ ဦးက ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။