ရန်ကုန်တိုင်း မြို့နယ်ဆယ်ခုခန့်မှာ ရေဘေးကြုံနေ
2024.10.22

ရန်ကုန်တိုင်းမှာ အခုရက်ပိုင်းတွေအတွင်း မိုးရွာသွန်းမှုများတာတွေကြောင့် ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ဒဂုံ၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ မရမ်းကုန်း အစရှိတဲ့ မြို့နယ်တွေက မြေနိမ့်ပိုင်း ရပ်ကွက်အချို့မှာ ရေနစ်မြုပ်နေပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် ၆၁ ရပ်ကွက်မှာ နေအိမ်ပေါင်း ၇၀၀ နီးပါးရှိတဲ့အနက် အနိမ့်ပိုင်းက အိမ်ခြေ ၃၀၀ ဝန်းကျင်ဟာ အောက်တိုဘာ ၂၀ ရက်နေ့ကစလို့ ရေနစ်မြုပ်နေပါတယ်။ အဲဒီအထဲက အိမ်ခြေ ၅၀ ဝန်းကျင်ကတော့ ဆိုးဆိုးရွားရွားရေနစ်မြုပ်မှု ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"တော်တော်နိမ့်တဲ့ အိမ်ပဲမြုပ်တာပဲရှိတယ်။ အခုကျတော့ တော်တော့ကို များသွားတာ"
ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၄ နှစ်အရွယ် ဦးစိန်ကုလားက အခုလို ရေကြီးတာ ဆယ်စုနှစ် တစ်ခုနီးပါးအတွင်းမှာ အဆိုးဆုံးဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“အခု ရှစ်နှစ်ပတ်ဝန်းကျင်မှာ တစ်ခါမှ ဒီလိုမြုပ်လာခဲ့တာ မရှိဘူးပေါ့နော်။ တော်တော်နိမ့်တဲ့ အိမ်ပဲမြုပ်တာပဲရှိတယ်။ အခုကျတော့ တော်တော့ကို များသွားတာ။ မိုးကလည်း ဘယ်လိုခေါ်မလဲဆိုတော့ အခုတန်ခူးလပြီးကတည်းထဲက ရွာတဲ့အရွာက အခုချိန်အထိ ပြတ်တယ်မှ သိပ်မှမရှိတာကိုး။ မရှိတဲ့သူခမျာ ဒီနေ့လုပ်၊ ဒီနေ့စားရတဲ့သူက အခု ခြောက်ရက်လောက် အလုပ်မဆင်းရဘူးဆိုတဲ့နောက်တော့ သီတင်းကျွတ် ပိတ်တာရယ်၊ အခု ရေကြီးလာတာရယ်နဲ့ဆို ခြောက်ရက်လောက်ဆိုရင်တော့ အဆင်ကသိပ်မပြေတော့ဘူး”
ရပ်ကွက် ရေနစ်မြုပ်တာတွေကို ကိုယ့်နည်းကိုယ့်နဲ့ပဲ ဖြေရှင်းနေကြရသလို အကူအညီပေးသူတွေလည်း မရှိဘူးလို့ ပြောကြပါတယ်။
ဆက်နွှယ်သော သတင်းများ
မှော်ဘီမှာ နှစ်ပေါင်း ငါးဆယ်အတွင်း မိုးရေချိန် စံချိန်ချိုး
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှု များနိုင်ကြောင်း မိုးဇလပြော
တိုင်းနဲ့ပြည်နယ် သုံးခုက ဒေသခံနှစ်သောင်းကျော် ရေဘေးဒုက္ခထပ်ကြုံနေရ
အသက် ၄၀ ကျော်အရွယ် ကိုဖိုးလုံးကတော့ သူ့အိမ်မှာ ဆက်နေလို့ မရတော့တဲ့အတွက် မိသားစုကို ကုန်းမြင့်ပိုင်းက နေအိမ်တွေကို ပို့ထားရတယ်လို့ RFA ကို ပြောပါတယ်။
“အခုအခြေအနေကတော့ တော်တော်ဆိုးသွားပြီ။ သွပ်တွေလည်း အကုန်လန်ကုန်ပြီ။ ကလေးတွေကိုလည်း ဟိုးတောင်ဘက်မှာ သူများအိမ်မှာ သွားထားရတယ်။ အခုဆို ဒီနားက လေးငါးဆယ်အိမ်လောက်က အပေါ်ရောက်သွားပြီ။ တချို့ကျတော့လည်း ဟိုမှာ အပေါ်အဆင့်လေးတွေ ထိုးလိုက်၊ ပုခက်လေးတွေနဲ့ နေလိုက်၊ အုတ်နီခဲလေးတွေ အောက်ကခံပြီးတော့ ထပ်လုပ်။ မဝယ်နိုင်တဲ့လူကျတော့လည်း ဒီလိုပဲ အပေါ်မြင့်တဲ့ အိမ်တွေဆီ သွားပြီးတော့ ငှားနေကြရတာ”
ဒီရပ်ကွက်မှာနေထိုင်သူတွေဟာ ကုန်းမြင့်ပိုင်းကို ပြောင်းရွှေ့နေကြရသူတွေရှိသလို အချို့ကလည်း ကိုယ့်ရဲ့အိမ်မှာပဲ ဖြစ်သလို ဆက်နေကြရသူတွေလည်းရှိတယ်လို့ အသက် ၄၆ နှစ်အရွယ် ဒေါ်ဝင်းမာက ပြောပါတယ်။
“အခက်အခဲဖြစ်တာက နေစရာမရှိကြတာပါပဲ။ အိပ်စရာလည်းမရှိဘူး ခက်ခဲတာပေါ့။ တစ်အိမ်လုံးမှာ နေစရာ မရှိတော့ဘူး။ ဒါတောင် အုတ်နီခဲနဲ့ မြှင့်ပြီးနေနေတာ”
ရန်ကုန်မြို့က လမ်းတွေအတော်များများမှာလည်း မိုးရေတွေနဲ့ ရေလျှံတာကြောင့် လမ်းတွေပိတ်ပြီး သွားလာလို့ မရဖြစ်နေတယ်လို့ အငှားယာဉ်မောင်း ကိုသက်ထွန်းအောင်က ပြောပါတယ်။
“အခုက ရန်ကုန်ရဲ့ နေရာအတော်များများမှာ ရေကကြီးနေတာ။ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ အင်းစိန်၊ ဖော့ကန်၊ အောင်သိဒ္ဓိလမ်းဘက်မှာလည်း တော်တော်ကြီးတယ်။ ကားတွေတောင် သွားလို့မရဘူးလေ။ အခက်အခဲရှိပေမဲ့ သွားလာရတာကတော့ ဒီလိုပဲပေါ့၊ ရုံးတက်၊ ရုံးဆင်းတွေက သွားနေရတာပဲ။ ခရီးသည်တွေကတော့ တချို့ကျတော့ ဒုက္ခရောက်ရတာပေါ့။ ကားတွေ ဘာတွေက ရေထဲသွားလို့ အဆင်မပြေဘူးလေ”
မှော်ဘီမြို့နယ်မှာဆိုရင် အောက်တိုဘာ ၂၁ ရက်က ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ ၅ ဒသမ ၁၂ လက်မအထိ ရှိခဲ့တာကြောင့် လွန်ခဲ့တဲ့ ၅၁ နှစ်အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဋ္ဌာနက ထုတ်ပြန်ထားပါတယ်။
မိုးရွာသွန်းမှုနဲ့အတူ လေပြင်းပါ တိုက်ခတ်တာကြောင့် အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ ထောက်ကြန့်နဲ့ လှည်းကူး မြို့နယ်တွေမှာ နေအိမ်ခေါင်မိုးတွေ ပျက်စီးတာ၊ သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေ လဲကျတာတွေရှိခဲ့ပါတယ်။
ရန်ကုန်မြို့အတွင်း ရေဘေးကြုံနေကြရတာနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရ ဦးဌေးအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက်၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်ပြီး အောက်တိုဘာ ၂၃ ရက်မှာတော့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဋ္ဌာနက ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။