မှော်ဘီမှာ နှစ်ပေါင်း ငါးဆယ်အတွင်း မိုးရေချိန် စံချိန်ချိုး

RFA Burmese
2024.10.21
မှော်ဘီမှာ နှစ်ပေါင်း ငါးဆယ်အတွင်း မိုးရေချိန် စံချိန်ချိုး ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ရေနစ်မြုပ်သည့်နေရာများမှ အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Facebook/ Myanmar Fire Services Department

ရန်ကုန်တိုင်းမှာ အောက်တိုဘာလ ၂၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မှော်ဘီမြို့နယ်မှာဆိုရင် နှစ်ပေါင်း ၅၁ နှစ်အတွင်း မိုးရေချိန် စံချိန်သစ်တင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မှော်ဘီ စိုက်ပျိုးရေးမိုးလေဝသစခန်းရဲ့ မနေ့က တိုင်းထွာချက်အရ မှော်ဘီမြို့နယ်မှာ မိုးရေချိန်ဟာ ၅.၁၂ လက်မအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မှော်ဘီမြို့နယ်မှာ ဒီမနက်အထိ မိုးရွာသွန်းနေဆဲ ဖြစ်ပြီး ရပ်ကွက်တချို့မှာလည်း ရေလျှံနေတယ်လို့ မှော်ဘီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က ညနေစောင်း ၃ နာရီလောက်ကတည်းက စရွာတာ။ အခု မနက် ၈း၁၇ နာရီအထိ မိုးမစဲသေးဘူး။ မြောင်းတွေကလည်း ချက်ချင်း ရေမဆင်းနိုင်တော့ အမြင့်ပိုင်းရပ်ကွက်တွေထဲမှာတောင် ခြံတွေထဲ ရေဝပ်နေတယ်"

မှော်ဘီမှာ မိုးရေချိန် စံချိန်သစ်တင်တာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ၄.၈၀ လက်မနဲ့ စံချိန်တင်ခဲ့ပါတယ်။

မနေ့ကစလို့ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ တာမွေ စတဲ့ ရန်ကုန်မြို့ နေရာအနှံ့မှာ ရေကြီးရေလျှံတာတွေ ဖြစ်ပွားခဲ့သလို ဒီနေ့အထိ မိုးမတိတ်သေးတာကြောင့် နေရာတချို့မှာ ရေလျှံတာတွေ ဆက်ရှိနေတုန်းပဲလို့ ဆိုပါတယ်။

မိုးသည်းတာနဲ့အတူ မိုးသက်လေပြင်းတိုက်ခတ်မှုတွေလည်းရှိခဲ့ပြီး အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ ထောက်ကြန့်နဲ့ လှည်းကူးမြို့နယ်တွေမှာ နေအိမ်တွေ အမိုးလန်တာ၊ သစ်ပင်တွေလဲကျတာနဲ့ ဓာတ်တိုင်တွေ ကျိုးပဲ့ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်ပြီး အောက်တိုဘာလ ၂၃ ရက်မှာတော့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုး/ဇလ က ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။