လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှု များနိုင်ကြောင်း မိုးဇလပြော

RFA Burmese
2024.10.20
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှု များနိုင်ကြောင်း မိုးဇလပြော ရန်ကုန်မြို့တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရေကြီးရေလျှံနေသည်ကို တွေ့ရစဉ်။
Photo: RFA

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်လာပြီး အဲဒီအရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ မိုးကြီးခြင်း၊ မိုးထစ်ချုန်းရွာတာနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူ ဦးစီးဌာနက အောက်တိုဘာ ၂၀ ရက် ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လေဖိအားနည်း ရပ်ဝန်းကနေ မုန်တိုင်းငယ်အဖြစ်သို့ ဆက်လက်ရောက်ရှိနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့လည်း ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း နိုင်ငံတစ်ဝန်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လျှပ်တစ်ပြက် ရေကြီး၊ မြေပြိုတာတွေ ဖြစ်လာနိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ် သတိပြုကြဖို့နဲ့ မြစ်၊ ချောင်းအနီး နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုကို သတိပြုကြဖို့လည်း မိုးဇလက တိုက်တွန်းပါတယ်။

ရန်ကုန်မြို့မှာတော့ အောက်တိုဘာ ၁၉ ရက်နေ့ကစလို့ လေပြင်းတွေ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အလားတူ ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာပြီးနောက် ရေကြီး၊ မြေပြိုမှုတွေဖြစ်ပြီး သေဆုံးသူ ၄၃၃ ဦးနဲ့ ပျောက်ဆုံးသူ ၇၉ ဦးအထိ ရှိတယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။