ရေဘေးသင့် တောင်ငူမြို့နယ်မှာ ဒီနေ့အထိ အကူအညီမရသေးတဲ့ ရွာတွေရှိနေ
2024.09.20

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ထဲမှာ ကျေးရွာပေါင်း လေးဆယ်နီးပါး ရေနစ်မြုပ်နေပြီး တစ်ပတ်ကျော်လာတဲ့ ဒီနေ့အထိ အကူအညီမရသေးတဲ့ရွာတွေ ရှိနေတယ်လို့ ရေဘေးကူညီနေတဲ့ တောင်ငူလူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
စစ်တောင်းမြစ်တစ်လျှောက်က ရွာတွေဖြစ်တဲ့ ကုလားစု၊ ရွာသစ်၊ မြင်စု၊ ဒိုးတန်းနဲ့ ခေါင်ရမ်းရွာက ရွာလုံးကျွတ် ရေနစ်မြုပ်ခဲ့ပြီး ကျန်တဲ့ရွာသုံးဆယ်ကျော်မှာတော့ အနိမ့်ပိုင်းအိမ်တွေ အားလုံးနစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။
"မကယ်နိုင်တော့ဘူးလေ၊ ဝက်တွေ၊ နွားတွေ မျောသွားတယ်"
တောင်ငူမှာ ကူညီနေတဲ့ လူမှုကူညီရေးအဖွဲ့တွေရဲ့ စာရင်းအရ အဲဒီရွာတွေက လူဦးရေ ရှစ်သောင်းကျော် (၈၃၆၆၅ ဦး) ရေဘေးဒုက္ခရောက်နေကြတာပါ။
အဲဒီအထဲက ရေဘေးဒုက္ခသည်တချို့ဟာ တောင်ငူမြို့ပေါ်က ရေဘေးဒုက္ခသည်စခန်း ၁၉ ခုမှာ နေထိုင်ကြပြီး စစ်တောင်းမြစ်အရှေ့ဘက် ဆိတ်ဖူးတောင်အုပ်စုနဲ့ မြစောညီနောင်ဘက်က ဘုန်းကြီးကျောင်းတွေမှာလည်း ခုံလှုံနေကြတယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သော သတင်းများ
မြန်မာနိုင်ငံဟာ သဘာဝဘေးဒဏ်ခံနိုင်ရည် နည်းနေကြောင်း ပညာရှင်ပြော
ကယားနဲ့ ပဲခူးအတွက် ရေဘေးအကူအညီ စစ်ကောင်စီပိတ်ပင်မှုတွေ ရှိနေ
ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ သုံးရာကျော် အထိ ရှိလာ
သဘာဝဘေးထက် စစ်ရေးကို ဦးစားပေးတယ်လို့ စစ်ကောင်စီ ဝေဖန်ခံနေရ
တောင်ငူမြို့ပေါ်မှာရှိတဲ့ နန်းတော်ဦး လူမှုကူညီရေးအဖွဲ့ရဲ့ ဦးဆောင်ဆရာတော် ဦးသူရဇ္ဇက ကူညီမှုမရသေးတဲ့ နေရာတွေကို ရောက်အောင်သွားပြီးကူညီသင့်တယ်လို့ RFA ကို မိန့်ပါတယ်။
"နောက်ထက်လာမဲ့သူတွေကို မြို့ပေါ်မှာချည်းပဲ လှူနေတဲ့နေရာချည်းပဲ။ ထပ်ခါထပ်ခါ လှူနေမဲ့အစား မြို့ပေါ်မှာ အလျှံပယ်ဖြစ်နေတယ်၊ မရောက်သေးတဲ့ အရပ်ဒေသတွေ ရေကြီးပြီးတော့ ဒုက္ခဆင်းရဲနဲ့တွေနေတဲ့ အရပ်ဒေသကို ပိုပြီးတော့ရောက်စေချင်တယ်။ မြစောညီနောင် ပတ်ဝန်းကျင်တို့ဘက်ကို ရောက်စေချင်တယ်။ အခုတွေ့ခဲ့မြင်ခဲ့ရတဲ့ ဒကာ၊ ဒကာမတွေအကုန်လုံးက ဘယ်သူမှမလာကြဘူး။ သူတို့ကို ကူညီမဲ့သူ မရှိကြဘူး"
စက်တင်ဘာလ ၁၉ နေ့အထိ စစ်တောင်းမြစ်အရှေ့ဘက်မှာရှိတဲ့ ရွာသစ်၊ ကုလားစု၊ လက်ပံကုန်းနဲ့ ဆင်ရွာတို့ဟာ အကူအညီတွေ မရသေးဘူးလို့ ဆိုပါတယ်။
စစ်တောင်းမြစ်ရေဟာလည်း ဒီနေ့အထိ သိသိသာသာမကျသေးဘူးလို့ ကူညီနေသူတွေက ပြောပါတယ်။
မြစောညီနောင်က ဒုက္ခသည်စခန်းမှာရောက်နေတဲ့ အသက် ၈၆ နှစ်အရွယ် အဘိုးတစ်ဦးက စိုက်ခင်းတွေအားလုံး ရေထဲပါသွားတာကြောင့် စားသောက်စရာတွေ အရေးပေါ်လိုအပ်နေတယ်လို့ RFA ကို ပြောပါတယ်။
"အသက် ၆၀ လောက်မှာ တစ်ခါကြီးတယ်၊ ဒါပေမဲ့ ဒီလောက်မများဘူး၊ လူအိမ်ရှေ့ဆင်းလိုက်ရင် ဒူးလောက်၊ ပေါင်လောက်ပဲရှိတယ်။ အခုဟာက လူမမီဘူးဖြစ်သွားတယ်။ ဘာမှ မရနိုင်တော့ဘူး၊ စပါးလည်း ပျက်ပြီ။ နှမ်းတို့၊ ပဲတို့ အကုန်ပျက်ကုန်တယ်။ ဆန်တို့၊ ဘာတို့ လိုတာပေါ့နော၊ စိုက်ပျိုးထားတာတွေ ကုန်ပြီကိုး"
တောင်ငူမြို့ ဘုန်းကြီးကျောင်းတစ်ခုမှာ ခိုလှုံနေရတဲ့ သရက်တောရွာခံ အသက် ၇၇ နှစ်အရွယ် အဘွားကလည်း ဒီလောက်ကြီးတဲ့ ရေဘေးမျိုး အခုမှပဲ ကြုံဖူးတယ်လို့ RFA ကို ပြောပါတယ်။
"ဘာမှ မရတော့ဘူး၊ အိမ်မှာရှိတာတွေ အကုန်လုံး မျောသွားပြီ၊ အခု ၇၇ နှစ်အတွင်းမှာ အခုလို တစ်ခါမှ မကြုံဘူးဘူး။ ဒီတစ်ခါပဲ ကြုံဖူးသေးတယ်။ ကျွဲတွေ၊ နွားတွေ၊ တိရစ္ဆာန်တွေကတော့ မျောပါသွားတယ်။ မကယ်နိုင်တော့ဘူးလေ၊ ဝက်တွေ၊ နွားတွေ မျောသွားတယ်"
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ရေဆက်လက်မြင့်တက်လာနိုင်တာကြောင့် စစ်တောင်းမြစ်ဘေးမှာ နေထိုင်ကြသူတွေ ရေဘေးလွတ်ရာကို ရှောင်နေကြဖို့ စက်တင်ဘာ ၁၉ နေ့မှာ သတိပေး ထုတ်ပြန်ထားပါတယ်။
တောင်ငူမြို့ပေါ်မှာရှိတဲ့ ရွှေမင်းဝင် ပရဟိတအသင်း ဆရာတော် ဦးစန္ဒောဘာသကတော့ ရေဘေးသင့် ပြည်သူတွေအတွက် အခုချိန်မှာ ဆန်၊ ဆီ၊ ဆားပဲ အလိုအပ်ဆုံးဖြစ်တယ်လို့ မိန့်ပါတယ်။
"ဆန်လိုမယ်၊ ဆီလိုမယ်၊ ထမင်းချက်ဖို့ပေါ့၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အဲဒါတွေ လိုမယ်ဗျ၊ ရေဘေးသင့် ပြည်သူများအတွက်"
စစ်တောင်းမြစ်ရေဟာ ၁၉၇၃ ခုနှစ်က ပေနှစ်ဆယ်ကျော် (၇၁၅ စင်တီမီတာ)၊ ၂၀၁၃ ခုနှစ်က ပေနှစ်ဆယ်ကျော် (၇၁၃ စင်တီမီတာ) အထိ အမြင့်ဆုံးတက်ခဲ့ပြီး အခု ၂၀၂၄ ခုနှစ်မှာ ၂၃ ပေကျော် (၈၁၉ စင်တီမီတာ) အထိ တက်လာတာကြောင့် ဒီနှစ်ရေကြီးမှုက စံချိန်တင်အမြင့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
တောင်ငူရေကြီးမှုအတွင်း ရေစီးနဲ့မျောပါ သေဆုံးသူ ဆယ်ဦးထက်မနည်းရှိတယ်လို့ သတင်းတွေထွက်နေပေမဲ့ ရေဘေးကူညီရေးလုပ်နေတဲ့ အမည်မဖော်လိုသူ တောင်ငူမြို့ခံတစ်ဦးကတော့ သူတို့ အသင်းတစ်ခုတည်းတင် အလောင်းငါးလောင်း ဆယ်ယူထားရတယ်လို့ RFA ကို ပြောပါတယ်။
"သေဆုံး၊ ပျောက်ဆုံးသွားတဲ့သူတွေရဲ့ အတိအကျစာရင်းတော့ ကျွန်တော်တို့ မသိသေးဘူးပေါ့နော်၊ ဒါပေမဲ့ ကယ်ဆယ်ရေးလုပ်နေတဲ့ ကာလတစ်လျှောက်မှာတော့ ကျွန်တော်တို့ Dead body ငါးလောင်းတွေ့တယ်။ Dead body နောက်သုံးလောင်းကကြတော မိသားစုဝင်တွေဖြစ်တယ်။ ကျန်တဲ့သူတွေကြတော့ ဘယ်ရွာကမှန်း မသိဘဲနဲ့ကို မျောလာတဲ့ Dead body ဖြစ်တယ်။ အားလုံး စုစုပေါင်း ငါးလောင်းကို ဆယ်ယူပြီးပါပြီခင်ဗျ"
ရာဂီ မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေးနဲ့ ဧရာဝတီတိုင်း၊ ကယား၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၅၆ ခုမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေဖြစ်ခဲ့တာပါ။
စစ်ကောင်စီကတော့ မြန်မာနိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၉၃ ဦးရှိပြီး ပျောက်ဆုံးနေသူ ၈၈ ဦးရှိတယ်လို့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
RFA က စက်တင်ဘာလ ၁၉ ရက်ညအထိရရှိတဲ့ စာရင်းအရ နိုင်ငံတစ်ဝန်း ရေကြီး၊ မြေပြိုမှုကြောင့် သေဆုံးသူ ၃၀၃ ဦးအထိရှိလာပြီး လူဦးရေ နှစ်ရာထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်သလို မြေပြင်မှာ ဒီအရေအတွက်ထက် များနိုင်ပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့ ဒီနေ့မနက်ပိုင်း တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် သုံးပေခွဲကျော်အလွန် ရောက်ရှိနေတာကြောင့် စိုးရိမ်ရေအမှတ်အထက်မှာပဲ ဆက်ပြီးရှိနေဦးမယ်လို့ မိုးဇလဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ တိုင်းနဲ့ ပြည်နယ် ကိုးခုက ၅၉ မြို့နယ်မှာ ရေကြီးမှုကြောင့် ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်ကြောင်း စက်တင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။