ရန်ကုန်မြို့ အထပ်မြင့်တိုက်တွေပေါ်က ပင့်ကူလူသားများ

RFA Burmese
2024.04.22
ရန်ကုန်မြို့ အထပ်မြင့်တိုက်တွေပေါ်က ပင့်ကူလူသားများ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ အထပ်မြင့်တိုက်ဟောင်းတစ်လုံးပေါ်တွင် ရေပိုက်ပြုပြင်နေသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ အထပ်မြင့်တိုက်ဟောင်း တစ်လုံးပေါ်မှာ ရေဆင်းပိုက်၊ မိလ္လာပိုက်တွေကိုဖျက်ပြီး အသစ်ပြန်လည်တပ်ဆင်နေကြသူတွေပါ။

သူတို့ ငါးဦးအဖွဲ့ဟာ ၂၀၀၈ နာဂစ်မတိုင်ခင်ကတည်းက အခုလို သက်စွန့်ဆံဖျား အလုပ်လုပ်ခဲ့ကြတာပါ။

"တကယ်ကျွမ်းကျင်တဲ့သူ၊ လုပ်သက်ရှိတဲ့သူတွေနဲ့ပဲ လုပ်ငန်းခွင်ဝင်ကြတာပါ"

အထပ်မြင့်တိုက်တွေပေါ်မှာ ကြိုးတစ်ချောင်းနဲ့ ပင့်ကူလူသားတစ်ယောက်လို အတက်အဆင်း လုပ်ရတာက အဖွဲ့လိုက်ကျွမ်းကျင်မှုရှိဖို့ လိုတယ်လို့ ကြိုးဆင်းလုပ်သား ကိုယိုးဒယားက ပြောပါတယ်။

"ဘယ်နေရာမဆို အန္တရာယ်တော့ရှိတာပေါ့၊ ကိုယ့်ရဲ့အတွေ့အကြုံနဲ့ အလုပ်လုပ်ရတာ၊ အတွေ့အကြုံက စကားပြောတယ်၊ ဒါပေမဲ့ ဒီအလုပ်က တစ်ယောက်တည်း လုပ်လို့တော့မရဘူး၊ အဓိက ကြိုးဆင်းပြီဆိုတာနဲ့ လုံခြုံမှုရှိဖို့ ကြိုးချည်တဲ့နေရာ၊ အတူတူလုပ်နေတဲ့ ကိုယ့်လူအချင်းချင်း လိုအပ်သလို ကြိုးကိုလျှော့ပေးတာတွေ၊ ချည်တာတွေ၊ ကျွမ်းကျင်မှုရှိရတယ်၊ တစ်ယောက်တည်း ကျွမ်းကျင်နေရုံနဲ့မရဘူး"

ဒီလိုအလွှာမြင့်တွေကို ငြမ်းဆင်ပြီး လုပ်ကိုင်ကြသူတွေရှိပေမယ့် သူတို့အဖွဲ့ကတော့ ဘယ်လောက်ပဲ အလွှာမြင့်မြင့် ကြိုးတစ်ချောင်းတည်းနဲ့ အလုပ်လုပ်ရတာက ပိုလုံခြုံတယ်လို့ ကိုဇော်ဝင်းက ပြောပါတယ်။

"ဒီလိုအလွှာအမြင့်ကို ကြောက်လည်းမကြောက်ဘူး၊ ကိုယ်လုပ်နေတဲ့အလုပ်၊ ကျွမ်းကျင်နေတဲ့အလုပ်ဆိုတော့ အဆင်ပြေပါတယ်၊ ငြမ်းနဲ့ ကြိုးလုပ်ရတဲ့အထဲမှာ ငြမ်းနဲ့လုပ်ရတာက ကျွန်တော်တို့အတွက် ကြိုးနဲ့လုပ်ရတာလောက် အသက်မလုံခြုံဘူးလို့ ထင်တယ်၊ ကြိုးနဲ့လုပ်ရတာ လုံခြုံမှုရှိတယ်လို့ ခံစားရတယ်"

သူတို့အဖွဲ့ဟာ သူတို့သီးသန့်ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပြီး အထပ်အမြင့်အလိုက် လက်ခံဆောင်ရွက်ရတာပါ။ ဒါပေမဲ့ အလုပ်က ပုံမှန်မရှိတာကြောင့် ဝင်ငွေကလည်း ပုံမှန်မရှိဘူးလို့ ပြောပါတယ်။

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ အထပ်မြင့်တိုက်ဟောင်းတစ်လုံးပေါ်တွင် ရေပိုက်ပြုပြင်နေသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ အထပ်မြင့်တိုက်ဟောင်းတစ်လုံးပေါ်တွင် ရေပိုက်ပြုပြင်နေသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)


ဒီအနှစ်နှစ်ဆယ်အတွင်း သူတို့အဖွဲ့မှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ကိုဝေယံက ပြောပါတယ်။

"နာဂစ်မတိုင်ခင်ကတည်းက ဒီအလုပ်ကို လုပ်လာတာ နှစ် (၂၀) လောက်ရှိသွားပါပြီ၊ အဲဒီလိုလုပ်လာခဲ့တဲ့ လုပ်သက်တစ်လျှောက်လုံးမှာ ကြိုးဆင်းကြိုးတက်လုပ်တဲ့သူတွေ ချွတ်ချော်ကျသွားတာ၊ ပြုတ်ကျသွားတာ၊ ဆေးရုံရောက်သွားတာမျိုး တစ်ခါမှ မရှိခဲ့ပါဘူး၊ အပေါ် အောက်ကို သေချာလေးလုံခြုံအောင်လုပ်ပြီးမှ တကယ်ကျွမ်းကျင်တဲ့သူ၊ လုပ်သက်ရှိတဲ့သူတွေနဲ့ပဲ လုပ်ငန်းခွင်ဝင်ကြတာပါ"

မိသားစုဝမ်းရေးအတွက် အန္တရာယ်ကို မမှု၊ အပူဒဏ်ကို မျက်ကွယ်ပြုရင်း အသက်ကိုရင်းပြီး လုပ်ကိုင်နေကြသူတွေပဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။