အမျိုးသမီးတွေလည်း အငှားကားမောင်းနိုင်ကြောင်းပြချင်တဲ့ တက္ကစီမမိုး
2024.02.19
“အိမ်ထောင်ရေး ပြိုကွဲသွားတာနဲ့ ဘဝတွေ ပြိုလဲလို့မရဘူး၊ ပြိုလဲခွင့်လည်း မပေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ မမိုးရဲ့နောက်မှာ သားသမီး သုံးယောက်နဲ့ အသက် ၇၀ ကျော်တဲ့ ဖခင်အိုကြီးရှိတဲ့အတွက် မမိုး အမြဲတမ်း ရှင်သန်နေမှဖြစ်မယ်”
ရန်ကုန်မြို့က အငှားကားလောကမှာ တက္ကစီ မမိုးလို့ခေါ်ကြတဲ့ အသက် ၄၆ နှစ်အရွယ် မမြမြမိုးပြောပြတာပါ။ မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်မှာနေပြီး သားသမီး သုံးယောက်နဲ့ ဖခင် အပါအဝင် မိသားစုအတွက် စျေးရောင်းခဲ့တဲ့ မမိုးဟာ ဒီအလုပ်ကိုပြောင်းလိုက်တာ ငါးနှစ်ရှိနေပါပြီ။ အငှားကား မောင်းတဲ့အလုပ်ကို အမျိုးသမီးတွေ မလုပ်နိုင်ဘူးလို့ပြောတဲ့ သူ့ခင်ပွန်းဟောင်းရဲ့စကားကိုစိတ်နာပြီး လုပ်ဖြစ်သွားတာလို့ပြောပါတယ်။
“တက္ကစီလောကထဲကို ရောက်ရတဲ့အကြောင်းရင်းကတော့ မမိုးကို ကလေး သုံးယောက်နဲ့အကြွေးတွေနဲ့ ပစ်ပစ်ခါခါ ပစ်သွားတဲ့ယောက်ျားကိုစိတ်နာလို့ တက္ကစီလောကထဲကို ခြေစုံပစ်ဝင်ခဲ့တာပါ။ မမိုးကိုပစ်မသွားခင် တက္ကစီမောင်းနေတဲ့ယောက်ျားက မင်းတို့မိန်းမတွေ တက္ကစီ မမောင်းနိုင်ပါဘူးကွာလို့ ပြောခဲ့တဲ့စကားတစ်ခွန်းကို စိတ်နာတာလည်းပါတယ်။ ငါတို့မိန်းမတွေလည်း လုပ်နိုင်တယ်ဆိုတာကို ချပြချင်တာပါ”
“မမိုးလို အမျိုးသမီး တက္ကစီမောင်းသမားတွေ ပိုပြီးများလာစေချင်တယ်”
အငှားကားမောင်းတဲ့သူတွေကို အကြမ်းဖက် လုတာယက်တာမျိုးတွေ ရှိတဲ့အတွက်ကြောင့် အမျိုးသားတွေတောင် စိုးရိမ်စိတ်နဲ့ သတိထား မောင်းနေကြရတဲ့အချိန်မှာ အမျိုးသမီးဖြစ်တဲ့ သူ့အတွက် ပိုပြီးစိုးရိမ်ရတယ်လို့ မမိုးကပြောပါတယ်။
“ရန်ကုန်မြို့မှာ တက္ကစီ မောင်းရတာတော့ အစ်ကိုဆရာ၊ မောင်ဆရာတွေတောင်မှပဲ စိုးရိမ်စိတ်တွေနဲ့ မောင်းနေရတာလေ။ မမိုးက အမျိုးသမီးဆိုတော့ ပိုပြီးစိုးရိမ်ရတာပေါ့နော်။ အခုဆိုရင် ကြားမှာပါ။ တက္ကစီသမားတွေကလည်း ခရီးသည်တွေ မယုံရဘူး။ ခရီးသည်တွေကလည်း တက္ကစီသမားတွေကို မယုံကြဘူး။ ခရီးသည်တိုင်းတော့ မဆိုလိုပါဘူးနော်။ တချို့စုန်းပြူးပါလာတာလေးတွေပေါ့။ တက္ကစီသမားကို ရိုက်လုသွားတာတို့၊ ငွေလုသွားတာတို့၊ ဖုန်းလုသွားတာတို့ ကားလုသွားတို့ရှိတော့ တက္ကစီသမားတစ်ယောက်ရဲ့ အသက်အန္တရာယ်အထိတောင် ရန်ရှာကြတာ ရှိနေတယ်လေ။ မမိုးက အမျိုးသမီးဆိုတော ကြောက်ရတာပေါ့”
မမိုးရဲ့အဖေ အသက် ၇၆ နှစ်အရွယ် ဦးညွန့်မောင်ကလည်း ကားမောင်းထွက်သွားတဲ့သူ့သမီး အိမ်ပြန်ရောက်မှပဲ စိတ်ချမ်းသာရတယ်လို့ပြောပါတယ်။
“ယာဉ်မောင်းကလည်း ခရီးသည်ကိုမယုံ၊ ခရီးသည်ကလည်း ယာဉ်မောင်းကိုမယုံတဲ့ ခေတ်ကြီးထဲမှာ တက္ကစီဆွဲရတာလည်း စိုးရိမ်စရာ ကောင်းပါတယ်။ ဒါ့ကြောင့် ကားထွက်သွားတဲ့အချိန်ကနေစပြီးတော့ စိတ်ကောင်းရှိတဲ့ ခရီးသည်တွေနဲ့တွေ့ပါစေ။ သမီးလည်း အန္တရာယ်ကင်းပါစေ။ အိမ်ကနေ ဆုတောင်းပေးနေရပါတယ်။ ကားထိုးပြီး အိမ်ပေါ်တက်လာမှပဲ စိတ်ချမ်းသာရတယ်”
ရန်ကုန်မြို့မှာ အငှားယာဉ်မောင်းအဖြစ် မှတ်ပုံတင်ထားတဲ့ ကားအရေအတွက် ငါးသောင်းရှစ်ထောင်ကျော် (၅၈,၄၈၁ စီး) ရှိတယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က ၂၀၂၄ ဇန်နဝါရီလထဲမှာ ပြောဆိုထားပါတယ်။
အဲဒီအထဲမှာ အမျိုးသမီးယာဉ်မောင်း ဆယ်ယောက်ကျော်ပဲရှိတာကြောင့် မမိုးလို အမျိုးသမီး တက္ကစီမောင်းသမားတွေ ပိုပြီးများလာစေချင်တယ်လို့ အငှားယာဉ်မောင်းသမား ကိုကျော်သူရက ပြောပါတယ်။
“တခြားနိုင်ငံက အမျိုးသမီး ယာဉ်မောင်းတွေလိုပဲ မြန်မာနိုင်ငံမှာလည်း အမျိုးသမီး ယာဉ်မောင်းတွေ အများကြီး ရှိစေချင်ပါတယ်။ ဘာအတွက်လဲဆိုရင် အမျိုးသမီးထုကြီးရဲ့ အားကိုးစရာဖြစ်တယ်။ အမျိုးသမီးတွေ ညရေး ညတာ အရေးပေါ် သွားလာလှုပ်ရှားတဲ့အချိန်မှာ အမျိုးသမီး ယာဉ်မောင်းအချင်းချင်း သွားရလာရတာ သူတို့အတွက် ပိုပြီးလုံခြုံမှုရှိတယ်လို့ သူတို့ခံစားရတဲ့အတွက် ဖြစ်စေချင်တယ်။ နောက် ခရီးဝေးသွားချင်တဲ့ အမျိုးသမီးတွေကလည်း အမျိုးသမီးယာဉ်မောင်းကို လိုအပ်ကြတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံမှာ အမျိုးသမီးယာဉ်မောင်းတွေ အများကြီး ပေါ်ပေါက်လာစေချင်ပါတယ်”
ကလေး သုံးယောက်ကို တစ်ကိုယ်ရေ ကျွေးမွေးစောင့်ရှောက်နေတဲ့ မမိုးဟာ ကလေးထောက်ပံ့ကြေး မရဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ စိတ်အားမငယ်ဘဲ အုံနာကြေးနဲ့ အလုပ်လုပ်နေသလို ကိုယ်ပိုင်အငှားကားတစ်စီး ပိုင်နိုင်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်ရှင်။
“မမိုးရဲ့နောက်မှာ သားသမီးလေး သုံးယောက်ရှိတယ်။ ဖခင်အိုကြီးရှိတယ်။ သူတို့ရဲ့ စားဝတ်နေရေးအတွက် ဒီတက္ကစီကိုပဲ မောင်းနေရဦးမယ်။ ခရီးသည်တွေ သွားချင်တဲ့နေရာကို ရောက်အောင် ပို့ပေးတယ်။ မမိုးနဲ့စီးတဲ့သူတိုင်းလည်း အန္တရာယ်ကင်းဘေးရှင်းအောင်လို့ မောင်းနှင်ပေးပါတယ်။ ဆက်သွယ်လို့ ရပါတယ်”