အသက်စွန့်ရေငုပ်ပြီး ဝမ်းစာရှာနေရတဲ့ ဒလမြို့သားများ

RFA Burmese
2024.01.25
အသက်စွန့်ရေငုပ်ပြီး ဝမ်းစာရှာနေရတဲ့ ဒလမြို့သားများ ရန်ကုန်မြစ်အတွင်း ရေငုပ်ပြီး သံတိုသံစရှာဖွေနေသည့် ရေငုတ်သမားများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြစ်ထဲမှာ ရေငုပ်ပြီး သံတိုသံစတွေ ရှာဖွေနေတာပါ။ ရန်ကုန်မြို့ရဲ့ တစ်ဖက်ကမ်း ဒလမြို့နယ်ဟာ အခုလို ရေငုပ်သမားတွေ အများဆုံးရှိပါတယ်။ သူတို့မှာ အောက်စီဂျင်ပိုက်တစ်ခုကိုပဲ မျက်နှာမှာတပ်ပြီး ဝါကျင့်နေတဲ့ မြစ်ရေထဲက အမှောင်ထဲကို ငုပ်လျှိုးသွားတာပါ။

"တစ်ခါတလေ ငုပ်နေရင်းနဲ့ ပိုက်ဆံမရအခါမျိုး ၂ ရက်၊ ၃ ရက် ကြုံလာတဲ့အခါမျိုးဆိုရင်တော့ ဒီအလုပ်ကို စိတ်ပျက်မိတာပေါ့"

သူတို့မှာ ခေတ်မီရေငုပ်ဝတ်စုံတွေ၊ ပစ္စည်းတွေ မရှိကြပါဘူး။ သူတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတွေနဲ့ နတ်တွေကို တိုင်တည်ရင်းနဲ့ပဲ သက်စွန့်ဆံဖျား လုပ်နေကြတာပါ။

"ရေအောက်ထဲ ရောက်တဲ့အခါကျရင်လည်း ရေအောက်ထဲမှာ ဘာမှမမြင်ရဘူးပေါ့။ မျက်ကန်းတစ်ယောက် ကားလမ်းမမှာ လမ်းလျှောက်နေသလိုမျိုးပဲ အောက်မှာ။ မျက်ကန်းလိုပဲ လျှောက်သွားပြီး ပစ္စည်းလိုက်ရှာရတာ။ တစ်ခါတလေကျရင်တော့ အန္တရာယ်ဖြစ်တဲ့အခါတို့ နည်းနည်းစိတ်ညစ်ရတဲ့ အခါကျရင်တော့ ဒီအလုပ်ကို မလုပ်ချင်ဘူးပေါ့။ မလုပ်ချင်တဲ့ အခါကျရင်လည်း ဆုံးဖြတ်မိတယ်။ ဟာ ဒီအလုပ် မလုပ်တော့ဘူး။ ငါတခြား အလုပ်ပြောင်းလုပ်မယ်ဆိုရင် ဒါပေမဲ့ ကိုယ်က ဒီအလုပ်ကို ငယ်ငယ်လေးထဲက ဝါသနာပါလာတော့ ဒီအလုပ်ကိုမလုပ်ဘူးလို့သာ စိတ်ကပြောလိုက်တာ လက်တွေ့ကျတော့ မလွှတ်နိုင်ဘူးဖြစ်နေတယ်"

ကိုမူဆာ ရေငုပ်လုပ်ငန်းကို ဦးစီးနေတဲ့ ကိုမိုးမြင့်ဝေ ပြောပြတာပါ။ သူ့အဖေ ကိုမူဆာက ရေငုပ်လုပ်ငန်း ထူထောင်ခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်မှာ ရေငုပ်ရင်းအမောဖောက်လို့ အသက် ၄၀ အရွယ်နဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီနောက် ကျန်ခဲ့တဲ့မိသားစု လေးယောက်ကို သားအကြီးဖြစ်တဲ့ ကိုမိုးမြင့်ဝေက ဒီအလုပ်နဲ့ပဲ ဆက်ပြီးရှာဖွေစောင့်ရှောက်နေတာလို့ ပြောပြပါတယ်။

အခုတော့ ကိုမိုးမြင့်ဝေတို့က ရေအနက် ပေတစ်ရာကျော်လောက်မှာရှိတဲ့ ဂျပန်ခေတ်က မြုပ်သွားတဲ့ သင်္ဘောပျက်တစ်စင်းက သံတိုသံစတွေကို ရှာဖွေဖို့ကြိုးစားနေကြတာပါ။

"တစ်ခါတလေ ငုပ်နေရင်းနဲ့ ပိုက်ဆံမရအခါမျိုး ၂ ရက်၊ ၃ ရက် ကြုံလာတဲ့အခါမျိုးဆိုရင်တော့ ဒီအလုပ်ကို စိတ်ပျက်မိတာပေါ့။ အဲဒီလို စိတ်ပျက်တဲ့အတွက်ကြောင့်လည်း ရှေ့လူငယ်တွေတော်တော် များများက မလုပ်တော့ဘူး။ ရေငုပ်လောကထဲမှာ ရေငုပ်အသက်ငယ်တာဆိုလို့ ဒါ ကျွန်တော်တို့ ခုနကတုန်းက လှေတစ်စီးနဲ့ ကျွန်တော်တို့ လှေတစ်စီး ဒီဟာပဲ အများဆုံးရှိတော့တယ်။ ကျန်တာတွေက အသက်ကြီးပိုင်းတွေပဲ ကျန်တော့တယ်"

ဒါကတော့ ကိုမိုးမြင့်ဝေတို့ရဲ့ လုပ်ငန်းက ရေငုပ်သမား ကိုစည်သူအောင် ပြောပြတာပါ။ သူက ရေငုပ်တဲ့ အလုပ်လုပ်နေတာ ၁၅ နှစ်ရှိပါပြီ။ သူ့က မိသားစု ခြောက်ယောက်ကို ဒီအလုပ်နဲ့ ရှာဖွေကျွေးမွေးနေတာပါ။

သူတို့ဟာ ရေအောက်မှာ ၄၅ မိနစ်လောက်ကြာတဲ့အထိ ငုပ်နိုင်ပါတယ်။ လက်ရှိမှာတော့ သံ တစ်ပိသာကို ၁၉၀၀ ကျပ်ရပါတယ်။ သူတို့အတွက် တစ်နေ့ကို (ကျပ်) တစ်သောင်းကျော်လောက် ရတဲ့နေ့ရှိသလို ဝင်ငွေမရတဲ့ နေ့တွေလည်း ကြုံရပါတယ်။ ရေအောက်မြုပ်နေတဲ့ ကြေးပန်ကာတချို့ ရတဲ့အခါတော့ သူတို့အတွက် တစ်ရက်တည်းနဲ့ သိန်းဆယ်နဲ့ချီရတာမျိုး ရှိပါတယ်။ ဒါမျိုးကတော့ ရတောင့်ရခဲဖြစ်ပါတယ်။ ရေထဲက ရလာတဲ့ပစ္စည်းတွေကို ရောင်းချပြီးတဲ့အခါ စက်လှေပိုင်ရှင်ကဝေစု ၃ စုရသလို ရေငုပ်သမားတွေက တစ်ယောက်ကိုတစ်စုစီရပါတယ်။ ဒီလိုလုပ်ရင်း အသက်ဆုံးရှုံးသွားသူတွေရှိသလို ဒုက္ခိတဘဝ ရောက်သွားသူတွေလည်း ရှိပါတယ်။

ဒါပေမဲ့ ဒီအလုပ်ကို သမ္မာအာဇီဝအလုပ်ဖြစ်တယ်လို့ ကိုမိုးမြင့်ဝေရဲ့ ဦးလေး ဦးဇော်ဇော်က ယုံကြည်ပါတယ်။

"ရေငုပ်လုပ်ငန်းကတော့ ပြောမယ်ဆိုလို့ရှိရင်ဗျာ။ သမ္မာအာဇီဝ အကျဆုံးလုပ်ငန်းပဲဗျ။ မည်သူတစ်ဦး တစ်ယောက်ရဲ့ ပစ္စည်းကိုမျှ ခိုးယူထားတာလည်း မရှိဘူး။ ဝှက်ယူထားတာလည်း မရှိဘူး။ ရေအောက်သယံဇာတကို ကြိုးကြိုးစားစား သက်စွန့်ဆံဖျား ကြိုးကြိုးစားစား ရှာဖွေပြီးမှ ဆယ်ယူပြီးမှ လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းဖြစ်တယ်ဗျ”

ရေထဲဆင်းသွားတဲ့သူတွေအတွက် စက်လှေပေါ်ကနေ အောက်စီဂျင်ပိုက်ကိုင်တဲ့သူဟာ ရေထဲကလူ အန္တရာယ် ရှိ၊ မရှိ ကြည့်ပေးရသလို၊ အောက်စီဂျင်ပိုက်ကို လှုပ်ရမ်းပြီး အချက်ပေးသင်္ကေတနဲ့ ရေငုပ် တဲသူကို စကားပြောရတယ်လို့ ရေငုပ်အဖွဲ့ခေါင်းဆောင် ကိုသိန်းဇော်ဦးက ရှင်းပြပါတယ်။

"ဒီလိုကြာသွားပြီဟေ့ဆို ကိုယ့်လူအလုပ်လုပ်နေလား ဘာလုပ်နေလား အချက်ပေးလိုက်။ အချက်ပေးလိုက်ရင် ကိုယ့်အောက်မှာ အလုပ်လုပ်နေတယ်။ တကယ်လို့ ပိုက်လမ်းကြောင်းဘာညာ မလွတ်လို့ ပြောလို့ရှိရင်လည်း ခေါ်လိုက်ရတယ်။အချက်ပေးလိုက်။ခေါ်လိုက်ရင် ပြန်တက်လာ။ မတက်လာလို့ မရဘူး။ ပစ္စည်းတွေ့ရင် ဒီကကြိုးယူသွားပြီးချည်တာ။ ချည်ပြီး ဒီကတိုက်ရတာ။အပေါ်ကနေ တိုက်ရတာ"

သူ့မှာလည်း မိသားစု လေးယောက်ရှိပြီး ရေငုပ်အလုပ်နဲ့လုပ်ကိုင်ကျွေးမွေးနေတာ ၁၅ နှစ်ရှိပါပြီ။

သူတို့ရေထဲကနေရလာတဲ့ ပစ္စည်းတွေကို ကုန်းပေါ်ကအဝယ် ဒိုင်ဆီမှာရောင်းရပါတယ်။

"ပစ္စည်းတွေက အစုံပဲ ကိုကြီး။အခုဆို ပန်ကာတို့။ သံပစ္စည်းရတာ များပါတယ်။ ကြေးတို့ဘာတို့ အဲဒါမျိုး။အခု ဒါမျိုးတွေပေါ့။ ဒါရေငုပ်တွေက ရတဲ့ဟာ။ အခုဒီရက်ပိုင်းက သူတို့ရေ နည်းနည်းဟိုဥစ္စာဖြစ်တော့ သူတို့ပစ္စည်း သိပ်မရဘူး။ ရေသေပိုင်းကြတော့ ပစ္စည်းရတာများတယ်။ သံတွေ ဘာတွေ ပိုရတယ်"

သံအဝယ်ဒိုင်က အလုပ်သမား ကိုဖြိုးကျော် ပြောပြတာပါ။ ဒလမြို့မှာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက အခုလို ရေငုပ်ပြီးပစ္စည်းရှာတဲ့ သင်္ဘော အစီး ၅၀ လောက်ရှိပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အစီး ၂၀ လောက်ပဲ ကျန်ပါတော့တယ်။ ဒါကြောင့် ရေငုပ်သမားတွေဟာ ရန်ကုန်မြစ် ထဲသံတိုသံစ ရှာကြသလို၊ တစ်ခါတလေမှာ မြုပ်နေတဲ့သင်္ဘောဖော်ဖို့ လာငှားရင်လည်း လိုက်လုပ်ကြရင်း မိသားစုအတွက် ရေထဲကနေ ငွေရအောင်ကြိုးစားနေကြရပါတယ်။

ရန်ကုန်မြစ်အတွင်း ရေငုပ်ပြီး သံတိုသံစရှာဖွေနေသည့် ရေငုတ်သမားများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ  ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြစ်အတွင်း ရေငုပ်ပြီး သံတိုသံစရှာဖွေနေသည့် ရေငုတ်သမားများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

တကယ်တော့ အသက် ၂၁ နှစ်ပဲရှိသေးတဲ့ ကိုမိုးမြင့်ဝေဟာ မထင်မှတ်ပဲ ကွယ်လွန်သွားတဲ့ ဖခင်ရဲ့ အလုပ်ကို ကျန်ရစ်တဲ့ မိသားစုအတွက် ဦးစီးနေရပေမယ့် သူ့ဆန္ဒကတော့ သင်္ဘောသားဖြစ်ချင်တာလို့ ပြောပြပါတယ်။

"သင်္ဘောသား ဖြစ်ချင်တာပေါ့။ ဖြစ်အောင်လည်း လုပ်မှာပါ။ တော်တော်များများလည်း အများကြီး သင်ယူလေ့လာပြီးထားပါပြီ။ သင်္ဘောလိုက်မယ်ဆိုရင်တော့ ဒီအလုပ်ကို စွန့်လွှတ်မှာပေါ့။ ကျွန်တော့် လက်ရှိ ရှိတဲ့လှေတွေဘာတွေ အကုန်လုံး ရောင်းပစ်မှာပေါ့"

ရေငုပ်သမား ကိုစည်သူအောင်ရဲ့ အမေ ဒေါ်ဇင်မာကတော့ သူ့သားအလုပ်သွားတဲ့အခါ အန္တရာယ်ကင်းအောင် နေ့တိုင်းအိမ်ကနေ ဆုတောင်းနေရတယ်လို့ ပြောပြပါတယ်။

"အလုပ်လုပ်ရင်းနဲ့ ထိခိုင်ဒဏ်ရာရတာတို့ ရှိတတ်တယ်လေ။ အဲဒါကြောင့် သူတို့ ပြန်လာတဲ့အခါကျတော့ အန္တရာယ်ကင်းတော့လည်း စိတ်ချမ်းသားရတာပေါ့။ အန္တရာယ်တွေ မဖြစ်အောင်လို့တော့ ကိုယ်တွေလည်း သူတို့တွေကို ဘုရားတရားတော့ လုပ်ခိုင်းရတာပေါ့။ ဘုရားလေး ဘာလေးရှိခိုး။ ကိုယ်တွေလည်း အိမ်ကနေ ဆုတောင်းပေးရတာပေါ့။ အဆိုးဆုံးကတော့ သူ့သမီး မျှော်တာပဲပေါ့"

အန္တရာယ်များလှတဲ့ မြစ်ရေထဲမှာ သက်စွန့်ဆံဖျား အလုပ်လုပ်ကြပြီး နေဝင်ချိန်မှာ အကောင်းပကတိ အိမ်ပြန်လာမယ့် ခင်ပွန်းတွေ၊ သားတွေ၊ ဖခင်တွေအတွက် မိသားစုတွေကလည်း စောင့်နေကြတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။