မှေးမှိန်သွားတဲ့ မြန်မာ့ပတ္တလား

2022.03.23
မှေးမှိန်သွားတဲ့ မြန်မာ့ပတ္တလား ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်က နေအိမ်တွင် ပတ္တလားတီးနေသည့် ဦးကျော်မြင့် ကို ၂၀၂၂ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် တွေ့ရစဥ်
Photo: RFA

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ အသက် ၈၃ နှစ်အရွယ် ပတ္တလားပညာရှင် ဦးကျော်မြင့်ဟာ သူ တစ်သက်လုံး တန်ဖိုးထားလာတဲ့ ပတ္တလားတူရိယာတွေရဲ့ အခန်း ကဏ္ဍ မှေးမှိန်လာနေတာကို စိတ်မကောင်း ဖြစ်နေပါတယ်။

“ဂီတအနုပညာက အခုဆိုရင် တိမ်ကောပပျောက်ဖို့ အကြောင်းက တော်တော်များလာတယ်"

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်တွေအပြင် စစ်အာဏာသိမ်းမှု အကျိုးဆက် တွေကြောင့် ပတ္တလားပညာနဲ့ ရပ်တည်နေကြသူတွေ လုပ်ငန်းရပ်ဆိုင်းနေတာ အချိန်နှစ်နှစ် ကျော် ရှိလာပါပြီ။ ပတ္တလား အနုပညာသည်တွေဟာ အခြားကြုံရာကျပန်းအလုပ်တွေနဲ့ ပြောင်းလဲရပ်တည်နေကြရတာလည်း ဖြစ်ပါတယ်။

''ဒီအချိန် ဒီကာလကြီးမှာတော့ အဘတို့ အနုပညာသည်တွေကတော့ အများကြီးဒုက္ခ ရောက်ကြတာပေါ့။ တစ်ခါ ဇာတ်သဘင်တွေလည်း ကလို့မရ၊ အငြိမ့်တွေလည်း ထွက်လို့မရ၊ ဆိုင်းတွေလည်း တီးလို့မရနဲ့ အကုန်လုံး ဖြစ်တော့ တချို့ တလေက ဈေးရောင်းကြရတယ်။ ကုန်စိမ်းရောင်းတဲ့လူနဲ့ တချို့ဆို ဆိုက်ကားတောင် နင်းနေရတဲ့ ဘဝမျိုးဖြစ်တယ်''

ဦးကျော်မြင့်ဟာ တစ်ချိန်က ဂန္ထဝင် ဂီတပညာရှင်တွေဖြစ်တဲ့ အလင်္ကာကျော်စွာ (ဘီအေ) ဒေါ်စောမြအေးကြည်၊ စန္ဒရား ဦးအုံးမောင်၊ အလင်္ကာကျော်စွာ ဆရာ ဘလေး၊ ဆရာ ဦးဟန်စိန်၊ ဆရာဦးတင်ကဲ့၊ သန်လျင် ဦးမြဦး စတဲ့ ဆရာကြီးတွေထံမှာ ပညာလေ့လာ ဆည်းပူးပြီး ပတ္တလားပညာနဲ့ ဘဝတစ်လျှောက်လုံး အသက်မွေးဝမ်းကျောင်း ပြုလာခဲ့သူပါ။

အခုအချိန်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အငြိမ့်နဲ့ ဇာတ်သဘင်တွေ ရပ်နားထား ရတာ၊ ရန်ကုန်မြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာတွေကြောင့် ပတ္တလားတူရိ ယာကို တီးခတ်နိုင်ခြင်းမရှိကြတော့ပါဘူး။

အလုပ်တွေရပ်ဆိုင်းနေလို့ အခက်တွေ့နေသူတွေအထဲမှာ အသက် ၆၇ နှစ်အရွယ် အငြိမ်း စား ကျောင်းဆရာမ ဒေါ် စန်းစန်းနွဲ့ လည်း ပါဝင်ပါတယ်။ သူဟာ ဖခင်ဖြစ်သူ ဆိုင်းဆရာ ကြီး ဦးစိန်ထွန်းကြည်ဆီက ပတ္တလား လက်ခတ် ပညာအမွေကို နှစ်ပေါင်း ၅၀ နီးပါး ထိန်းသိမ်းဆက်ခံခဲ့သူဖြစ်ပါတယ်။

''အရင်က ဒီလိုပဲ ကျောင်းတစ်ဖက်နဲ့ အားတဲ့အချိန် ဒီအလုပ် အော်ဒါရှိရင် ရှိသလို အလုပ်ကတော့ လုပ်ရတာ ပေါ့ကွယ်။ အခုလည်း လုပ်ငန်းတွေပါးရင် ပါးသလို အလုပ်က ပါးတာပေါ့''

ဝါး၊ သစ်သားတို့နဲ့ ပြုလုပ်ရတဲ့ မြန်မာ့ရှေးခေတ်တူရိယာဖြစ်တဲ့ ပတ္တလားဟာ ရိုးရာဆိုင်း ဝိုင်း တူရိယာတွေ၊ ဂီတအခြေခံ စည်း၊ ဝါးနဲ့ အတူ တွဲဖက်တီးခတ်ရတဲ့ ဂီတတူရိယာဖြစ် ပါတယ်။

ဖခင်ဆီက ပတ္တလားပြုလုပ်တဲ့ပညာနဲ့ နှစ် ၃၀ ကျော် ရပ်တည်လာခဲ့တဲ့ ဒေါ် စန်းစန်းနွဲ့ရဲ့ မောင် အသက် ၅၇ နှစ်အရွယ် ဦးညွန့်ဝင်းထွန်းကတော့ တိုင်းပြည်အေးချမ်းတဲ့အချိန် ပတ္တလားလုပ်ငန်းတွေ ပြန်ဦးမော့လာဖို့ မျှော်လင့်နေပါတယ်။

''သာသာယာယာ အေးအေးချမ်းချမ်းရှိတဲ့ အချိန်ကျရင် ဒီလုပ်ငန်းတွေပြန်ပြီးတော့ ဦးမော့လာမယ်လို့ မျှော်လင့်ရတာပေါ့နော်။ အေးချမ်းမှလည်း ကိုယ်တွေမှာ လုပ်ငန်းတွေကို သာသာယာယာနဲ့ ပြန်လုပ်နိုင်မှာ ပေါ့လေ။ မအေးချမ်းတဲ့အခါမှာ ကိုယ်တွေလုပ်ငန်းတွေက အကုန်လုံးက ရပ်သွားပြီ။ အခုဆို နှစ်နှစ်ကျော်သွားပြီး နှစ်နှစ်ခွဲ လောက်ဖြစ်သွားပြီ လုပ်ငန်းတွေက လုံးဝမကောင်းဘူး''

ခေတ်ရေစီးကြောင်း တိုးတက်ပြောင်းလဲမှုနဲ့အတူ အသံစုံတီးခတ်နိုင်တဲ့ အီလက်ထရွန်နစ် တူရိယာ စန္ဒရား၊ အော်ဂန်တွေအကြား ရပ်တည်နေရတဲ့ ပတ္တလားတူရိယာဟာ အခု အချိန်မှာ လက်ဆင့်ကမ်းသင်ယူမယ့် သူတွေလည်း တစ်စတစ်စ နည်းပါးလာပါတယ်။

ပတ္တလားပညာရှင် ဦးကျော်မြင့် ကို ၂၀၂၂ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် တွေ့ရစဥ် (Photo: RFA)
ပတ္တလားပညာရှင် ဦးကျော်မြင့် ကို ၂၀၂၂ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် တွေ့ရစဥ် (Photo: RFA)

လက်ရှိနိုင်ငံရေးအခြေအနေတွေကလည်း ပတ္တလားအခန်းကဏ္ဍ တိမ်ကောပျောက်ကွယ် မယ့် အကြောင်းတရားတစ်ခု ဖြစ်လာနေတယ်လို့ ပတ္တလားပညာရှင် ဦးကျော်မြင့်က ပြောပါတယ်။

“ဂီတအနုပညာက အခုဆိုရင် တိမ်ကောပပျောက်ဖို့ အကြောင်းက တော်တော်များလာ တယ်။ ကျနော်လည်း ကြိုးတော့ ကြိုးစားပါတယ်။ ကျနော့် လက်ဆင့်ကမ်းအမွေကို ဆက်ခံမယ့် ကလေးကလည်း တော်တော် ရှားရှားပါးပါး ဖြစ်သွားတော့ ကျနော်လည်း ဝမ်းနည်းပါတယ်ခင်ဗျာ။ စိတ်မကောင်းပါဘူး''

အခုအချိန်မှာ ပတ္တလားကို နည်းစနစ်တကျ ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်သူဟာ မြန်မာနိုင်ငံမှာ အတော့်ကို ရှားသွားပြီလို့ ပတ္တလားပညာရှင် ဦးကျော်မြင့်က ပြောပါတယ်။

ပတ္တလားတူရိယာ ထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ရပ်တည်သူတွေဟာလည်း နိုင်ငံတစ်ဝန်းမှာ ဆယ်ဂဏန်းလောက်သာ ရှိနိုင်တော့တယ်လို့လည်း ပြောကြပါတယ်။

မြန်မာ့ရိုးရာ ဂီတတူရိယာပညာရှင်တွေနဲ့ တူရိယာလုပ်ငန်းလုပ်ကိုင်နေသူတွေကတော့ ပတ္တလားအခန်းကဏ္ဍ တိမ်ကောပျောက်ကွယ်မသွားရအောင် တိုင်းပြည်တည်ငြိမ်အေးချမ်း ဖို့ကို မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။