ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ပန်းချီနဲ့ပြသ
2024.06.21

စစ်အာဏာသိမ်းမှု စတင်တဲ့ ၂၀၂၁ ခုနှစ်ကနေ စပြီး နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူတွေကို ဆက်တိုက်ဆိုသလို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အခုအချိန်အထိလည်း ဖမ်းဆီးနေဆဲဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီးနောက် အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရတဲ့သူတွေ ရှိသလို အသက်ရှင်နေသူတွေမှာလည်း အကျဉ်းသားအခွင့်အရေးတွေ မရကြပါဘူး။
ဒီလို အကျဉ်းထောင်ထဲမှာ ရောက်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရည်စူးပြီး ရေးဆွဲထားတဲ့ အနုပညာပြပွဲတစ်ခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇွန်လ ၂၁ ကနေ ၂၃ ရက် နေ့အထိ ကျင်းပနေပါတယ်။
New Burma အဖွဲ့နဲ့ Frontier Myanmar တို့ ပူးပေါင်းကျင်းပတဲ့ “ရုန်းကန်တော်လှန်မှုပဲ့တင်သံများ” လို့ အမည်ပေးထားတဲ့ ဒီပြပွဲမှာ အနုပညာရှင် ခုနှစ်ယောက်ရဲ့ ပန်းချီလက်ရာတွေကို ပြသထားတာပါ။
ဒီပန်းချီကားတွေမှာဆိုရင် အမျိုးသမီးအကျဉ်းသားတွေအတွက် သီးသန့်ရေးထားတဲ့ ပန်းချီကားတွေအပါအဝင် သေဒဏ်ကျထားတဲ့ အကျဉ်းသားတွေအကြောင်းလည်း ပါဝင်တယ်လို့ New Burma အဖွဲ့ရဲ့ စီစဉ်သူ မနှင်းက RFA ကို ပြောပါတယ်။
“အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေက ပိုပိုပြီးတော့ များလာတယ်ပေါ့နော်။ နောက်တစ်ခု ဒီအနောက်မှာရှိတဲ့ ပန်းချီကားဆိုလို့ရှိရင် အမျိုးသမီးအကျဉ်းသားတွေအတွက်ကိုပဲ သီးသန့်ရေးထားတဲ့ဟာတွေ ရှိမယ်။ နောက်တစ်ခုကကျတော့ သေဒဏ်ကျထားတဲ့ အကျဉ်းသားတွေအကြောင်းတွေကိုလည်း အစ်မတို့က ပြောပြချင်တယ်ပေါ့နော်။ ဒီထောင်ကျနေတယ်၊ သိတယ်။ ဒါပေမဲ့ ဘယ်လောက်ကျနေလဲ၊ ဘယ်လိုမျိုးပုံစံတွေနဲ့ကျနေလဲ ဘယ်လောက်အထိများနေလဲ ဆိုတဲ့ဟာတွေကို အစ်မတို့ ပြချင်တဲ့ပုံစံမျိုးပေါ့နော်။ အဲဒါနဲ့ပြဖြစ်တာပါ”
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကမ္ဘာကသိအောင် အခုလို ပြပွဲမျိုးတွေကို လုပ်ဆောင်ရတာဖြစ်တယ်လို့လည်း Frontier Myanmar အဖွဲ့ ဒါရိုက်တာ Danny Fenster က ပြောပါတယ်။
“အရင်တုန်းကတည်းက အနုပညာပွဲတချို့ကို ပြသခဲ့ဖူးတဲ့ New Burma နဲ့ ပူးပေါင်းပြီး လုပ်ဆောင်တယ်ဆိုပေမဲ့ ကျွန်တော်တို့ဟာ Green House နဲ့ Frontier ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်တယ်။ ပြီးတော့ နှစ်ခုစလုံးရဲ့ ဦးတည်ချက်ကတော့ မြန်မာကို ပြင်ပကမ္ဘာနဲ့ ထိတွေ့စေတာမျိုးလို့ ထင်ပါတယ်"
ပြပွဲထဲမှာပါတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ မောင်ဖိုးဟာ နိုင်ငံရေးပုဒ်မနဲ့ ထောင်ထဲမှာ ခြောက်လ နေခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ နေထိုင်ရတဲ့ အခြေအနေတွေနဲ့ အကျဉ်းသားတွေရဲ့ မျက်နှာတွေကို ရေးဆွဲထားတဲ့ ပန်းချီစုစုပေါင်း ၇၀ ကျော်ကို သူလွတ်တဲ့အချိန်မှာ တစ်ပါတည်း သယ်ဆောင်လာနိုင်ခဲ့တာပါ။
သူသယ်ဆောင်လာတဲ့ ပန်းချီတွေဟာ မျက်မြင်သက်သေတွေအဖြစ် ကျန်ရှိနေမှာဖြစ်လို့ ကျေနပ်ရတယ်လို့ သူက ဆိုပါတယ်။
"အပြင်မှာ ကိုယ်ကလည်း ခိုးထုတ်လာနိုင်ခဲ့တာပေါ့။ ခိုးထုတ်လာနိုင်တဲ့အပေါ်မှာ ဖိနှိပ်သူတွေရဲ့ အကြောင်းကို ကိုယ့်ရဲ့ပုံတွေကနေ တဆင့် ပြောပြနိုင်တာဖြစ်တဲ့အတွက် ဒါကောင်းတာပဲပေါ့။ တကယ့်ကိုမျက်မြင်သက်သေ တစ်ခုလိုပေါ့ ပြောပြနိုင်တဲ့ အနေအထားမျိုး ဖြစ်စေတာအတွက် တကယ်ကိုဝမ်းသာမိတယ်။ အဲဒီလိုလုပ်နိုင်တာအတွက်”
ဒီပြပွဲမှာ ပြသထားတဲ့ထဲက ပန်းချီတချို့ကို ဝယ်ယူသူရှိရင် ရောင်းချမှာဖြစ်ပြီး အဲဒီရငွေတွေကို အနုပညာရှင်ကို ရာနှုန်းပြည့် ပေးအပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအာဏာစသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်သောင်းခြောက်ထောင်ကျော် (၂၆,၈၉၃) ရှိတဲ့ထဲက နှစ်သောင်းကျော် (၂၀,၆၁၉)ဦးဟာ ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ထောင်တွင်းမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ဦးရှိပြီး အဲဒီထဲမှာ ထောင်တွင်း သတ်ဖြတ်ခံခဲ့ရတဲ့သူ ၁၈ ဦးနဲ့ ဆေးကုခွင့်ကောင်းကောင်းမရလို့ သေဆုံးခဲ့ရတဲ့သူ ၁၆ ဦးဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ဖော်ပြပါတယ်။